ငယ်ရွယ်နုနယ်တဲ့ကလေးငယ်တွေကို ဘယ်လိုပြုစုနေထိုင်မလဲ။

Jul 11, 2021
Parenting

ကျွန်မရဲ့ကိုယ်ပိုင်အတွေ့အကြုံဖြစ်တဲ့ ကလေးကိုဘယ်လိုထိန်းသိမ်းခဲ့သလဲဆိုတာကို မျှဝေချင်ပါတယ်။ ကလေးမမွေးခင်ကတည်းက ကိုယ်ဝန်ဆောင်တာနဲ့ကလေးအသက် ၂၀ အရွယ်အထိ ကျွန်မဘဝကိုပေးရမယ်၊ စိတ်ရှည်ရမယ်ဆိုတာကို စိတ်ပိုင်းဆိုင်ရာအရအဆင်သင့်ပြင်ထားပါတယ်။

ကလေးသိပ်တဲ့သူက stress မရှိပါစေနဲ့။

ကလေးငယ်တွေက မိဘရဲ့ကိုယ်ခန္ဓာ/လက်ပေါ်မှာအိပ်တယ်ဆိုတာက ငှက်အသိုက်အမြုံလိုမျိုး မိဘရဲ့အသက်ရှူနှုန်းကိုမှီပြီးအိပ်တာပါ။ အမေသော်လည်းကောင်း၊ အဖေသော်လည်းကောင်း ကလေးသိပ်တဲ့သူက စိတ်ဖိစီးမှုများနေခဲ့မယ်ဆိုရင် ကလေးငယ်တွေက အိပ်မပျော်တတ်ကြပါဘူး။ သူတို့ကိုသိပ်တဲ့လူကြီးရဲ့အသက်ရှူနှုန်းကိုခံစားပြီးအိပ်စက်တတ်ကြတာဖြစ်တဲ့အတွက် ကလေးသိပ်တဲ့သူက စိတ်ဖိစီးမှုများနေခဲ့မယ်ဆိုရင် နှလုံးခုန်နှုန်းမြန်/မမှန်ဖြစ်နေတဲ့အတွက် သူတို့အိပ်စက်ရာမှာသက်တောင့်သက်သာမရှိဘဲ အနှောင့်အယှက်ဖြစ်စေပါတယ်။ ကျွန်မဆိုရင် stress များတဲ့အခါ သားသားကိုကိုယ်တိုင်မသိပ်ဘဲ ခင်ပွန်းကိုဖြစ်စေ၊ မိဘမောင်နှမကိုဖြစ်စေ အကူအညီတောင်းပြီးကလေးကိုသိပ်ခိုင်းပါတယ်။ ကလေးသက်တောင့်သက်သာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ သူတစ်ပါးရဲ့အကူအညီကို ယူသင့်ရင်ယူရပါမယ်။

ကလေးတွေငိုတဲ့အခါ သိပ်စိတ်မပူပါနဲ့။

ကလေးတွေကစကားမပြောတတ်တဲ့အတွက် ငိုခြင်းက သူတို့အတွက် communicate လုပ်ခြင်းတစ်မျိုးပါ။ ကျွန်မတို့အနေနဲ့ သူတို့ငိုတာဘာကြောင့်လဲဆိုတဲ့ သူတို့ရဲ့အထာလေးတွေကို လေ့လာထားဖို့လိုပါတယ်။ သက်တောင့်သက်သာမရှိတဲ့အခါ၊ လေထိုးလေနာဖြစ်တဲ့အခါ၊ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့အခါ၊ ပင်ပန်းနွမ်းနယ်တဲ့အခါ၊ ပိုးကောင်ကိုက်လို့ယားတာမျိုး၊ ဗိုက်ဆာတဲ့အခါမျိုးတွေမှာ ငိုတတ်ကြပါတယ်။

Positive feelings and emotion ကို ငယ်စဉ်ကတည်းကထည့်ပေးပါ။

Stress မရှိအောင် ကလေးငယ်ပြုစုရေးလျှို့ဝှက်ချက်ကတော့ သူတို့ကိုနွေးနွေးထွေးထွေးဆက်ဆံဖို့ပါပဲ။ သားလေး ၈ လအရွယ်တုန်းက သူညဘက်တရေးနိုးလာခဲ့ရင် ပထမဆုံးကျွန်မလုပ်တတ်တာက သူ့ကိုပြုံးပြလိုက်ခြင်းပါ။ ကျွန်မဘယ်လောက်ပဲစိတ်ညစ်နေပါစေ ကလေးနိုးတဲ့အချိန်မှာပြုံးနေဖို့ သတိထားပါတယ်။ ဘာကြောင့်လဲဆိုရင် ကလေးတွေက အာရုံခံစားတတ်ပါတယ်။ မိဘပြုံးရင် ပျော်ရွှင်မှုကိုသူတို့ခံစားမိပြီး အေးအေးချမ်းချမ်းကြီးပြင်းလာဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် ကလေးငယ်ရှိတဲ့မိဘတွေအနေနဲ့ အမြဲတမ်းလိုလိုပြုံးပေး၊ ကလေးငယ်ပျော်အောင်ထားပေးဖို့လိုပါတယ်။

တစ်ခါတလေ ကြိုတင်ဟန့်တားခြင်းထက် လက်တွေ့နည်းလမ်းနဲ့တားမြစ်ခြင်းကအလုပ်ပိုဖြစ်ပါတယ်။

သားသား ၉ လအရွယ်မှာ တွေ့ရာပစ္စည်းကို ပါးစပ်ထဲကောက်ထည့်တတ်တဲ့အကျင့်ရှိခဲ့ပါတယ်။ တစ်ခါတုန်းက သူ့ကိုပင်လယ်ကမ်းခြေကိုအလည်ခေါ်သွားတော့ အမေလုပ်တဲ့သူကတော့ ကလေးကိုအောက်မချခင် ဘေးပတ်ဝန်းကျင်ကိုသတိထားကြည့်ပါတယ်။ ခရုခွံတွေရှိနေမလား။ ကျောက်စရစ်ခဲတွေရှိနေမလားပေါ့။ သေချာဖယ်ရှားပြီးပြောင်ရှင်းနေတဲ့နေရာမှာ ကလေးကိုတင်လိုက်ပေမယ့် ကလေးဆိုတော့ ဘာပဲတွေ့တွေ့ တွေ့ရာပစ္စည်းကို ပါးစပ်ထဲကောက်ထည့်တတ်ပါတယ်။ သူတို့က လူကြီးတွေထက်မျက်စိလည်းပိုလျင်ပါတယ်။ ထိုင်နေရတော့ အပေါ်အမြင့်ထက် သူတို့ရဲ့ပတ်ဝန်းကျင်ကြမ်းပြင်ကို ပိုမြင်တတ်၊ အာရုံစိုက်တတ်ပါတယ်။

နေရာမချခင် ဘာမှမရှိအောင်သေချာရှင်းထားလျက်နဲ့ သားသားက တွေ့ရာပစ္စည်းကိုပါးစပ်ထဲကောက်ထည့်နေတော့ ကျွန်မလည်း "မလုပ်နဲ့ မလုပ်နဲ့" ဆိုပြီး သူ့လက်ကိုခါချပေးလေ သူကပိုလုပ်ပြလေဖြစ်နေပါတယ်။ သူတို့စိတ်ထဲမှာ အမေကမလုပ်ဖို့တားမြစ်နေတယ်လို့မမြင်ဘဲ သူတို့ကိုဖျော်ဖြေနေတယ် entertain လုပ်နေတယ်လို့မြင်ပြီး ပိုလုပ်ပြတတ်ပါတယ်။ ဒါနဲ့ ကျွန်မခင်ပွန်းကလည်း သားသားကိုမဟန့်တားခိုင်းဘဲ ပါးစပ်ထဲပေးထည့်ခိုင်းလိုက်ပါတယ်။ တကယ်လည်းပါးစပ်ထဲရောက်ရော သားသားက သူ့ဘာသာသူထွေးထုတ်ပါတယ်။ နောက်ဆုံး ကမ်းခြေကိုအလည်သွားတိုင်း ဒါမျိုးထပ်မလုပ်တော့ပါဘူး။ ဒီဟာကို သူလက်တွေ့လုပ်ဖူးတယ်။ အရသာမရှိဘူးဆိုတာသိသွားပါတယ်။

ကလေးတွေက "No" ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကို မသိပါဘူး။

ကလေးအသက် ၅-၆နှစ်လောက်အထိ "No" ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကို မသိကြပါဘူး။ ကျွန်မသားလေးတစ်နှစ်ကျော်ကာစအရွယ်က သူ့ကိုနို့ဘူးပေးလိုက်တိုင်း လှုပ်ခါလေ့ရှိပါတယ်။ ကြမ်းပြင်ညစ်ပတ်မှာစိုးလို့ ပြူးပြူးပြာပြာနဲ့ "No no" ပြောရင်း သူ့ဆီကနို့ဘူးကိုဆွဲယူလိုက်ပါတယ်။ သူ့အတွက်ကဟာသလိုဖြစ်နေတော့ နို့ဘူးလက်ထဲရောက်တိုင်း ရယ်မောပြီးပိုလုပ်ပြပါတယ်။

ကျွန်မတို့ဖြေရှင်းခဲ့တဲ့နည်းလမ်းကတော့ နို့ဘူးကိုယူပြီးလှုပ်ပြတယ်။ ပြီးတာနဲ့ နို့ဘူးအဖုံးကိုဖွင့်ပြပြီး "နို့ကုန်ပြီ၊ နို့မရှိတော့ဘူး"။ "Richard ဗိုက်ဆာပြီ" ဆိုပြီး သူ့ဗိုက်ကိုပွတ်ပြတယ်။ အဝတ်နဲ့သုတ်ပြပြီး "မေမေပင်ပန်းနေပြီ" ဆိုတဲ့ တိုတိုတုတ်တုတ် စကား ၃ ခွန်းလောက်ကိုပဲ သူ့ကိုပြောလိုက်ပါတယ်။ သားသားက ဘာသဘောပေါက်သွားလဲဆိုတော့ "နို့ကုန်ပြီ" ဆိုတာနဲ့ ဘူးထဲမှာမကျန်တော့ဘူးဆိုတာကို တွဲမြင်သွားတဲ့အတွက် နို့ဘူးကိုဘယ်တော့မှမလှုပ်တော့ပါဘူး။ ကလေးတွေက စကားလုံးရဲ့အဓိပ္ပာယ်ကိုနားမလည်ရင်တောင်မှ ကြားတဲ့အသံနဲ့အမူအရာကို တွဲပြီးတော့နားလည်တတ်ပါတယ်။

ကလေးတွေကို လက်တွေ့သင်ပေးပါ။

သားသား ၁ နှစ်အရွယ်လောက်တုန်းက ကျွန်မချက်ပြုတ်နေတဲ့အချိန်ဆိုရင် မီးဖိုချောင်ထဲပြေးဝင်လာပြီး အမေကိုလာဖက်လေ့ရှိပါတယ်။ ဘယ်လောက်ပဲအကာအရန်တွေလုပ်ထားလုပ်ထား ပြေးဝင်လာမြဲဖြစ်လို့ တစ်ရက်တော့ ကျွန်မအမျိုးသားက မီးဖိုကိုအပူလေးနည်းနည်းပေးထားပြီး သားသားလက်နဲ့ပေးထိလိုက်ပါတယ်။ ပါးစပ်ကလည်း "hot ပူတယ်" လို့ရွတ်ပြပါတယ်။ အဲ့နောက်ပိုင်း သားသားက အမေဆီလာချင်တဲ့အခါ မီးဖိုချောင်မှာဟင်းချက်နေတဲ့အချိန်ဆိုရင် "hot ပူတယ် ပူတယ်" ဆိုပြီး မဝင်လာတော့ပါဘူး။ ဒါကြောင့် ကလေးတွေကို လက်တွေ့သင်ပေးတာမျိုးလုပ်ပေးပါ။

ကလေးတွေကို မအော်ပါနဲ့။

ကလေးတွေရဲ့ခန္ဓာကိုယ်ဟာ လူကြီးတွေနဲ့ယှဉ်ရင် အမြဲသေးငယ်တဲ့အရွယ်ဖြစ်တဲ့အတွက် အလိုအလျောက်ကြောက်နေပြီးသားပါ။ ဒီ့အတွက် လူကြီးတွေရဲ့အော်ဟစ်သံဟာ သူတို့အတွက် ခြိမ်းခြောက်မှု (threat) တစ်ခုလိုဖြစ်စေပါတယ်။ အော်တဲ့သူဟာမိဘဖြစ်နေခဲ့ရင်တောင်မှ မိဘဆိုတာဘယ်သူလဲလို့ နားမလည်သေးပါဘူး။ သူတို့ထက်ခန္ဓာကိုယ်ကြီးမားတဲ့လူကြီးတွေနဲ့ တစ်အိမ်တည်းမှာအတူတူနေနေရတယ်ဆိုတာပဲ သဘာဝအရနားလည်ထားပါတယ်။ ဒါကြောင့် ကလေးငယ်တွေနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာ ပိုပြီးညင်သာဖို့လိုပါတယ်။

လူကြီးတွေကအပေါ်စီးကနေအော်လိုက်ရင် သူတို့ဘာလုပ်ရမှန်းမသိဘူး။ ဘာလို့အော်မှန်းလည်းမသိဘူး။ ဟိုကြည့်ဒီကြည့်နဲ့ stress တွေဝင်လာတယ်။ ကြောက်စိတ်တွေဝင်လာကြပါတယ်။ သူတို့တွေကို စည်းကမ်းရှိစေချင်လို့ပြောပြမယ်ဆိုရင်လည်း ညင်ညင်သာသာလေးနဲ့ပြောမယ်ဆိုရင် သူတို့ကသေချာနားစွင့်ပြီးနားထောင်တတ်ပါတယ်။ လူကြီးတွေကအော်လို့ သူတို့ကပြန်အော်ရင် အော်တဲ့သံသရာသာလည်သွားမယ်။ လိုချင်တဲ့ရလဒ်ကို ရမှာမဟုတ်ပါဘူး။ ကိုယ့်စကားအောင်စေချင်ရင် သူတို့နဲ့ eye level ဖြစ်အောင်ထိုင်ချပြီးမှ မျက်လုံးချင်းဆိုင်ပြီးစကားပြောပါ။

ပစ္စည်းထားသိုတဲ့အခါ ကလေးတွေကိုမမြင်စေချင်ရင် သူတို့မမြင်နိုင်တဲ့နေရာမှာထားပါ။

ကလေးငယ်တွေက တော်ရုံတန်ရုံ သူတို့မမြင်တဲ့နေရာကပစ္စည်းတွေကို မယူတတ်ကြပါဘူး။ ဒါကြောင့် အန္တရာယ်ရှိစေနိုင်တဲ့ပစ္စည်းတွေကို သူတို့မမြင်နိုင်တဲ့အပေါ် (နေရာ) တွေမှာ တင်ထားမယ်ဆိုရင် သူတို့ဆွဲယူစရာအကြောင်းမရှိပါဘူး။ သူတို့လည်းစိတ်မဝင်စားတတ်ပါဘူး။

ကိုယ်ပြောတာနားလည်မှုရှိမရှိ ပြန်စစ်ဆေးပါ။

ကလေးတွေနဲ့စကားပြောတိုင်း "မေမေပြောတာ နားလည်လား။ မေမေဘာပြောသလဲ။ သားသား ပြန်ပြောပြပါဦး" ဆိုပြီး (သူခေါင်းညိတ်ပြနေရင်တောင်မှ) မေးရပါမယ်။ သူနားလည်အောင်ပြန်ပြောခိုင်းတော့ သူ့ဘာသာသူသတိရပြီး အမေခိုင်းတာကိုခေါင်းထဲဝင်သွားပါတယ်။

ကလေးတွေကို စိတ်ရှည်ရပါတယ်။

မိဘတွေအနေနဲ့ ဘယ်လောက်ပဲဒေါသဖြစ်နေ၊ စိတ်တိုနေပါစေ... ဒေါသတွေဘေးကိုဖယ်ထားပါ။ သားသမီးတွေကို ကိုယ်မေတ္တာပေးရမယ့်၊ ပံ့ပိုးပေးရမယ့်လူသားတစ်ယောက်၊ သူတို့စိတ်ချမ်းသာဖို့၊ စိတ်ပျော်ရွှင်ဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့မှတ်ယူထားပေးပါ။

ငယ်ရွယ်စဉ်မှာ မေတ္တာပေးပါ။

မွေးကင်းစမှ အသက် ၅-၆ နှစ်အထိ ကလေးတွေစာသိပ်မတတ်မှာကို စိတ်မပူပါနဲ့။ အသက်ကြီးလာရင် တစ်ဘဝလုံးပညာသင်လို့ရပါတယ်။ ငယ်ရွယ်စဉ်မှာ မေတ္တာကိုပဲ အဓိကဦးစားထားပြီးပေးပေးပါ။ သူတို့ကို attention ပေးပါ။ ဂရုစိုက်မှုကိုပေးပါ။ မိဘတွေက caretaker တစ်ယောက်အနေနဲ့ သူတို့လေးတွေ ခန္ဓာကိုယ်၊ ဦးနှောက်ဖွံ့ဖြိုးဖို့၊ နွေးထွေးတဲ့ မေတ္တာလွှမ်းခြုံတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာစေဖို့ တာဝန်ရှိပါတယ်။

ကလေးငယ်တစ်ယောက်အတွက် မိဘဆိုတာ တစ်ခုတည်းသောအားကိုးရာအသိုက်အမြုံတစ်ခုပါ။ မိဘတွေရဲ့မျက်နှာကိုကြည့်ပြီးနေရတာဖြစ်တဲ့အတွက် သူတို့ကြီးပြင်းရာအသိုက်အမြုံထဲမှာ ကြောက်လန့်နေရမယ်ဆိုရင် အပြင်ထွက်ပြီးရင်ဖွင့်လို့လည်းမရတာဖြစ်လို့ အကြောက်တရားတွေကို ရင်ထဲမှာမြိုချပြီးကြီးပြင်းလာရပါလိမ့်မယ်။ နောက်ဆုံး အတောင်စုံတဲ့အချိန်၊ ပြန်ကန်နိုင်တဲ့အချိန်ကျရင် မိဘတွေကိုပြန်ကန်တတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေ မိဘတွေကိုချစ်ဖို့၊ တွယ်တာဖို့ဆိုရင် ငယ်ငယ်ကတည်းက ချစ်တတ်တွယ်တာတတ်ခြင်းတွေကို အတွေ့အကြုံတစ်ခုအဖြစ်ခံစားတတ်အောင် လက်ပွန်းတတီးနေပြီးလမ်းပြပေးပါ။

ပညာသင်တာ ငွေရှာဖို့တစ်ခုတည်းမဟုတ်ကြောင်းပြောပြပါ။

မိဘတွေအနေနဲ့ ငယ်ရွယ်တဲ့ကလေးတွေရဲ့ခေါင်းထဲကို "ပညာမတတ်ရင် ငွေမရဘူး။ ပညာမတတ်ရင် ဆင်းရဲမယ်" ဆိုတဲ့အတွေးအခေါ်မျိုး မထည့်ပေးပါနဲ့။ ပညာတတ်တာ ကောင်းတယ်။ ဒါပေမယ့် ငွေရှာဖို့တစ်ခုတည်းအတွက်မဟုတ်ပါဘူး။ ပညာဆိုတာ တကယ်သင်မယ်ဆိုရင် အမျိုးအမည်အစုံရှိတယ်ဆိုတာသိအောင် ပြောပြပေးပါ။ ကလေးငယ်တွေ ပျော်ရွှင်စွာနဲ့ပညာတတ်အောင်သင်နိုင်ဖို့ အရေးကြီးပါတယ်။

ကလေးတွေကို ပုံစံမသွင်းပါနဲ့။

မိဘအတော်များများလုပ်တတ်တဲ့နောက်တစ်ချက်က သူတို့မဖြစ်ခဲ့တဲ့အရာတွေအတွက် ကလေးတွေကိုပုံစံသွင်းပုံဖော်ခြင်းပါ။ ကျွန်မရဲ့အယူအဆက ကျွန်မသားသည် ကျွန်မလိုမျိုးတစ်ပုံစံတည်းမကြီးပြင်းစေရဘူး။ ကျွန်မသားသည် ကျွန်မထက်တစ်ဆင့်မြင့်နေရမယ်လို့ ခံယူထားပါတယ်။ လူ့သဘာဝကိုက နိုးကြားနေပြီးအရာရာကိုကောက်ယူသင်ကြားဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ကျွန်မတို့ကလိုက်ပြီးသင်ပေးနေစရာတောင် မလိုပါဘူး။ ပျော်ရွှင်မှု၊ လုံခြုံမှုကိုသာပေးထားမယ်ဆိုရင် သူတို့ဦးနှောက်ကအလုပ်လုပ်သင်ယူသွားပြီး သူတို့လမ်းကိုသူတို့ဘာသာတီထွင်လျှောက်သွားပါလိမ့်မယ်။

မိဘတွေရဲ့ stress ကို သားသမီးအပေါ်မပုံချပါနဲ့။

တချို့မိဘတွေရဲ့ ရိုက်နှက်ဆူဆဲမှုတွေက ကလေးအမှားလုပ်မိလို့ အပြစ်ပေးတယ်ဆိုတာထက် သူတို့ရဲ့စိတ်ဖိစီးမှုကိုပုံချဖို့အတွက်လုပ်တတ်ကြပါတယ်။ ရိုက်နှက်ခြင်းက ကိုယ်တိုင်လည်းနောင်တရစေတဲ့အပြင် ကလေးတွေအတွက်လည်း သင်ကြားရာမရောက်ပါဘူး။ အဆိုးဆုံးက သူတို့ကိုဖိနှိပ်ရာ၊ သတ်ပစ်ရာရောက်တတ်ပါတယ်။

ကလေးတွေကို မနှိုင်းယှဉ်ပါနဲ့။ တံဆိပ်မကပ်ပါနဲ့။

ကလေးတိုင်းက တစ်လောကလုံးမှာ နှစ်ယောက်မရှိတဲ့ တမူထူးခြားတဲ့သူတွေပါ။ ကျွန်မသားအငယ်က နည်းနည်းနှေးတယ်၊ အကြီးလေးက ဉာဏ်ပိုကောင်းတယ်ဆိုပြီး မနှိုင်းယှဉ်ပါနဲ့။ စိတ်ပိုင်းဆိုင်ရာအားနည်းမှုရှိခဲ့ရင်တောင်မှ တတ်ကျွမ်းသူဆရာဝန်တွေနဲ့မပြသရသေးဘဲ ကိုယ့်ထင်ကြေးတစ်ခုတည်းနဲ့ ကျွန်မသမီးမှာ Autism ရှိတယ်စသဖြင့် နာမည်မတပ်ပါနဲ့။ ဒီလိုနာမည်တပ်လိုက်ခြင်းအားဖြင့် ကလေးငယ်တွေက "ငါကတော့ သူများထက်နှေးတယ်" "ငါက Autism ဖြစ်နေတယ်" ဆိုပြီး သူတို့ကိုယ်သူတို့တရားသေမှတ်ယူလိုက်တဲ့အတွက် ဘဝတက်လမ်းမှာ လွတ်လပ်မှုမရှိဖြစ်သွားပါတယ်။ သူတို့ကိုနောက်ပြန်ဆွဲထားပြီး ယုံကြည်မှုပျောက်ကွယ်စေပါတယ်။ နောက်ဆုံး ယောက်ျားလေး၊ မိန်းကလေးလို့တောင် နာမည်မတပ်ပါနဲ့။ ယောက်ျားလေးမို့လို့ မျက်ရည်မကျရဘူး။ မိန်းကလေးမို့လို့ အပြင်ထွက်မကစားရဘူးဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ ခွဲခြားဆက်ဆံမယ့်အစား သားသမီးတစ်ယောက်၊ လူသားတစ်ယောက်အနေနဲ့သာ မေတ္တာပေးစောင့်ရှောက်ပါ။ Freedom နဲ့ဆက်ဆံပါ။

အချုပ်ပြောရမယ်ဆိုရင်

ခန္ဓာကိုယ်အတွင်းမှာဖြစ်ပျက်နေတဲ့ခံစားချက်တွေကို ထုတ်ဖော်မပြောပြတတ်သေးတဲ့အရွယ်ဖြစ်လို့ လူကြီးတွေအနေနဲ့ သူတို့လေးတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆော့ကစားဖို့၊ ကြီးပြင်းလာဖို့ကို ဘေးကနေပံ့ပိုးကူညီပေးတတ်ဖို့ပဲလိုပါတယ်။

  • မဆူပါနဲ့။
  • မရိုက်ပါနဲ့။
  • မအော်ပါနဲ့။
  • တံဆိပ်မကပ်ပါနဲ့။
  • မေတ္တာအများကြီးပေးပါ။
  • သားသမီးများရင် attention ကို မျှမျှတတပေးပါ။
  • အေးချမ်းလုံခြုံတဲ့အသိုက်အမြုံတစ်ခု ဖန်တီးပေးပါ။
  • "မချစ်တော့ဘူး" ဆိုတဲ့စကားကို စနောက်ပြီးတောင်မပြောပါနဲ့။
  • ကလေးဘဝစိတ်ဖိစီးမှု stress တွေ အသက်ကြီးတဲ့အထိမပါသွားဖို့ ဂရုစိုက်ပေးပါ။
  • သူတို့လေးတွေ လူသားဆန်ဆန်နဲ့ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာဖို့ကိုသာ ဦးတည်ပေးပါ။

Thida Aung

Jul 11, 2021 (Sunday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေလိုက်ပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form