Don't Worry!

Jan 20, 2020
Parenting

မပူပါနဲ့ “Don't worry” ဆိုတဲ့ ဝေါဟာရသုံးနှုန်းမှုကြောင့် တချို့ဆက်ဆံရေးတွေမှာ စိတ်အနှောင့်အယှက်ဖြစ်တတ်ကြပါတယ်။ ကျွန်မသတိထားမိသလောက် လူတော်တော်များများ “မပူပါနဲ့” ဆိုတဲ့စကားကို အလွယ်တကူသုံးကြပါတယ်။

တစ်ရက်မှာ ကျွန်မနဲ့သား အလုပ်ကိုအတူတူသွားကြတယ်။ ကားမောင်းနေတဲ့သားကိုကြည့်ရတာ နည်းနည်းပင်ပန်းနေပုံပေါက်တော့ “အမေမောင်းပေးရမလား”လို့ မေးလိုက်တယ်။ “မပူပါနဲ့။ သားမောင်းနိုင်ပါတယ်” လို့ ကျွန်မကိုပြန်ဖြေတော့ စိတ်ထဲမှာကသိကအောင့်ဖြစ်သွားတာကို သတိထားမိလိုက်တယ်။ ကျွန်မရဲ့အသံတိုးတိုးလေးကတော့ “အမယ်လေးဟဲ့… ငါကပူလို့မေးနေတာမှ မဟုတ်တာ”လို့ ပြောနေလေရဲ့။

တစ်ဆက်တည်းမှာပဲ သားကိုပြန်ပြောမိတယ်။ “အမေ မပူပါဘူး။ သားကိုကားမောင်းပေးရမလားလို့ပဲမေးတာပါ။ အမေမောင်းရင် သားနားလို့ရတယ်လေ။ ဖုန်းပြောလို့လည်းရတယ်။ အမေတာဝန်ခွဲယူတဲ့သဘောပါ။ နောက်ဆိုရင် မပူပါနဲ့ဆိုတဲ့စကားကို မသုံးကြရအောင်နော်”လို့ ပြောတော့ သားက “ဟုတ်ကဲ့ အမေ”လို့ ပြန်ဖြေရှာပါတယ်။

ငယ်ငယ်တုန်းက ကျွန်မမိဘကတစ်ခုခုပြောလိုက်ရင် “အလကားနေရင်း ပူနေကြတယ်” “ပူနေပြန်ပြီ” “ပူမနေပါနဲ့” စသဖြင့်ပြန်ပြောမိလို့ လူကြီးတွေစိတ်စနိုးစနောင့်ဖြစ်ကြရသေးတယ်။ နောက်ပိုင်း တစ်ယောက်ယောက်ဆီကနေ “မပူပါနဲ့” “Don't worry” ကို ကြားလိုက်တိုင်း၊ ကိုယ်ကသူများကိုပြောလိုက်တိုင်းမှာ စိတ်ထဲမှာတစ်ခုခုငြိနေတယ်လို့ ခံစားရတယ်။ မေ့မေ့ပျောက်ပျောက်နေတတ်လို့သာ ဒီအရာကအရေးမကြီးသလိုဖြစ်နေတာပါ။

ကျွန်မတို့မိသားစုမှာတော့ “မပူပါနဲ့” ဆိုတဲ့စကားအသုံးအနှုန်းကိုမသုံးမိအောင် ဆင်ခြင်ဖြစ်ကြတယ်။ အဲ့နောက်ပိုင်း ဆက်ဆံရေးမှာ ပိုပြေပြစ်ချောမွေ့လာတယ်လို့လည်း ခံစားရတယ်။

Thida Aung

Jan 20, 2020 (Monday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေလိုက်ပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form