ကိုယ့်ကိုယ်ကိုယ်အမြဲဂုဏ်ယူရတဲ့အခိုက်အတန့်ရှိလားလို့မေးလာခဲ့ရင် ကျွန်မအတွက်တော့ ဒီစက်လှေကားစီးသင်ပေးတဲ့အကြောင်းကို ပြောပြဖြစ်ပါမယ်။
တစ်ရက် shopping mall က စက်လှေကားမှာ ကိုယ်ကဆင်းမယ်လုပ်တော့ ၇ နှစ်အရွယ်ကလေးလေးတစ်ယောက်။ စက်လှေကားကိုသူ့ဘာသာဆင်းမယ်လုပ်ရင်း ရုတ်တရက်မဆင်းရဲတော့ဘဲ သူ့အမေဘက်လှည့်ပြီးငိုပါလေရော။ သူ့အမေကလည်း လက်ထဲမှာကလေးပိစိလေးတစ်ယောက်ကိုချီထားရသေးတော့ သူ့သားကိုလက်လှမ်းဆွဲဖို့ကလည်းမဖြစ်နိုင်။ အဲ့ဒါနဲ့ "သားမဆင်းသေးရင် ဘေးဖယ်ပေးလိုက်" လို့ပြောလိုက်တယ်။
ကိုယ့်အနေနဲ့ဒီအတိုင်းကျော်သွားလိုက်လို့ရပေမယ့် ဒီကလေးကို စက်လှေကားစီးရဲသွားအောင်သင်ပေးချင်စိတ်ပေါ်လာတော့ "သားလေး... လာ.... ဒီ (လှေကားထစ်) အလယ်တည့်တည့်ကိုနင်း" ဆိုပြီး ပါးစပ်ကလည်းပြော၊ ခြေထောက်ကလည်း လှေကားထစ်ကအဝါရောင်လေးထောင့်ကွက်အလယ်တည့်တည့်ဆီကို ခြေစုံရပ်ပြလိုက်တယ်။
ကလေးက နားလည်လွယ်တယ်... ငိုနေတာရပ်ပြီးချက်ချင်းလိုက်လုပ်တယ်။
သူလည်းလှေကားထစ်ပေါ်ရောက်တာနဲ့ "လက်ရန်းကိုကိုင်ထား သားလေး" လို့ပြောလိုက်တော့ သူ့ညာလက်က လက်ရန်းပေါ်ချက်ချင်းလှမ်းကိုင်လိုက်တယ်။ အောက်ရောက်တော့ စက်လှေကားနဲ့ကြမ်းပြင်စပ်ကြားကို ခြေလှမ်းကျော်ပုံကျော်နည်းပြတော့လည်း သေချာလိုက်လုပ်နိုင်တာမှ အစအဆုံးသူ့လက်ကိုတစ်ချက်တောင်မဆွဲလိုက်ရဘူး။ ဒီကလေး နောက်တစ်ခါစက်လှေကားရှေ့ရောက်တဲ့အခါ မကြောက်တော့ဘူးလို့မျှော်လင့်ပါတယ်။
ဘဝမှာ ကိုယ့်ကိုသတ္တိရှိအောင်သင်ပေးတဲ့သူ ရှိခဲ့သည်ဖြစ်စေ၊ မရှိခဲ့သည်ဖြစ်စေ... အခုချိန်မှာကိုယ်ဟာသူများအတွက် သတ္တိပေးတဲ့သူတစ်ယောက်ဖြစ်လို့ရပါတယ်။ ဆုံးဖြတ်ချက်က ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။
Every child is a star, they just need the right Milky Way to be the brightest.
ကလေးတိုင်းက ကြယ်ပွင့်လေးတွေပါ။ မှန်ကန်တဲ့ထိန်းကျောင်းမှုသာပေးနိုင်ရင် သူတို့ကအလင်းလက်ဆုံးတောက်ပပေးပါလိမ့်မယ်။ ကျွန်မကတော့ ကြုံလာတဲ့ကြယ်ပွင့်တိုင်းကို သူ့ဘာသာသူတောက်ပနိုင်အောင်ကူညီပေးသွားမှာပါ။
Yamong Thaw
Mar 17, 2018 (Saturday)