နိုင်ငံအဝှမ်း၊ ကမ္ဘာ့အဝှမ်း ညည်းတွားခြင်းကြောင့် ဝေဒနာပိုမိုခံစားကြရခြင်း
"လူတွေက သူတို့မခံစားရဖူးသေးတော့၊ မကြုံတွေ့ဖူးသေးတော့ ကိုယ်ချင်းစာစိတ်မရှိဘူး၊ နားမလည်ကြဘူး" ဟု ညည်းတွားပြောဆိုတတ်ကြခြင်း။
နားမလည်လို့ကိုယ်ချင်းစာစိတ်မရှိတဲ့သူတွေအပေါ် နားလည်မှုပေးပြီးကိုယ်ချင်းစာပေးရမလားဆိုတာကတော့ မိမိအပေါ်မှာပဲမူတည်ပါတယ်။
သိရှိနားလည်သဘောပေါက်မှ ကိုယ်ချင်းစာစိတ်က state of mind တစ်ခုအဖြစ် အလိုအလျောက်ဖြစ်ပေါ်လာခြင်းပါ။ ပူပန်သောကစိတ်နဲ့နေထိုင်နေသူတွေမှာ သူများနေရာကိုအစားထိုးဝင်ကြည့်နိုင်တဲ့စွမ်းအား မရှိပါဘူး။ နားလည်မှကိုယ်ချင်းစာစိတ်ထည့်တတ်ကြတာမလို့ ကိုယ်ချင်းစာစိတ်မရှိတာ နားမလည်လို့ဆိုတာကို သိနားလည်ရင် လူသားတွေအားလုံး ဒီညည်းတွားခြင်းကနေလွတ်မြောက်ပြီး ဝေဒနာခံစားခြင်းလျော့ပါးလာလိမ့်မယ်လို့ယူဆရပါတယ်။
ကိုယ်ချင်းစာစိတ်မရှိခြင်းသည် မကောင်းဘူးဟုယူဆထားလျှင် ဟန်ဆောင်မှုနဲ့ဆက်ဆံခြင်း၊ ပြုမူခြင်း၊ ပြောဆိုကြသည်ကို ကိုယ်ချင်းစာတရားရှိခြင်းဟု ထင်ယောင်ထင်မှားဖြစ်လာတတ်ပါတယ်။ လူတစ်ယောက်သည် မိမိမကြုံတွေ့ဖူးတဲ့အရာမှန်သမျှအပေါ် နားလည်သဘောမပေါက်သရွေ့ သူ့အတွက်ဇာတ်လမ်းတစ်ပုဒ်သာသာပဲရှိပါတယ်။ ဇာတ်လမ်းဆိုတဲ့အတိုင်း ကြားနေတဲ့အချိန်၊ မြင်နေတဲ့အချိန်မှာသာခံစားတတ်ပြီး မိမိဇာတ်လမ်းမဟုတ်တဲ့အတွက် ပျောက်ကွယ်သွားတတ်ပါတယ်။
ကျွန်မအပါအဝင် လူတွေမှာ ကိုယ်ချင်းစာစိတ်နည်းပါးပါတယ်။ သူများမှာကိုယ်ချင်းစာစိတ်မရှိတာကို အပြစ်မြင်တတ်ရင် မိမိကရောလို့မေးကြည့်ပါ။ မိမိကိုယ်တိုင်လည်း ရုန်းကန်လှုပ်ရှားနေချိန်မှာတော့ သူတစ်ပါးကိုလှည့်မကြည့်နိုင်ကြပါဘူး။ အဲ့ဒီအတွက်လည်း မိမိကိုယ်မိမိအပြစ်မမြင်ပါနဲ့။ သူများရဲ့ (လူတွေပြောနေကျ) ကိုယ်ချင်းစာစိတ်နဲ့ပတ်သက်ပြီး ဝေဒနာအဖြစ်ခံစားမနေကြဖို့လိုပါတယ်။
လူတွေမှာ စားဝတ်နေရေးတင်မက ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ မိသားစု၊ ဘာသာရေးစတဲ့ အရေးကိစ္စတွေက လူတိုင်းမှာရှိသလို အားလုံးသူ့နေရာနဲ့သူ ရုန်းကန်လှုပ်ရှားနေကြရတာမလို့ တစ်ဦးအပေါ်တစ်ဦးစွပ်စွဲပြောဆိုခြင်းကနေ ဒေါသတွေပါလာပြီး လူတွေအတွက် ဝေဒနာခံစားနေကြရတာကိုတွေ့ရပါတယ်။
လူမှုအဆင့်အတန်းအနေအထားနဲ့ မသက်ဆိုင်ပါ။ လူတွေအားလုံးရဲ့စိတ်ထဲမှာ ပြည့်စုံခြင်းမရှိဘဲ အမြဲတမ်းရုန်းကန်လှုပ်ရှားနေကြသူတွေပါ။ တကယ်တော့ လူတိုင်းက မိမိရဲ့ဘဝကို မိမိပဲတာဝန်ယူနေထိုင်ကြရမှာပါ။ မိမိရဲ့သတိမမူခြင်းတွေကြောင့် နေထိုင်မှုအခြေအနေပြောင်းလဲသွားတိုင်း၊ အဆင်မပြေမှုတွေကြုံတွေ့တိုင်း စိတ်အားငယ်မှုဆိုတာဖြစ်ပေါ်တတ်ပါတယ်။ မိမိရဲ့စိတ်ကိုသတိမထားဘဲ လူတွေဘက်လှည့်ပြီး "လူတွေက ဒုက္ခရောက်ရင်မကူညီချင်ကြဘူး" "လူတွေက ကိုယ်ချင်းစာစိတ်မရှိကြဘူး" စသဖြင့် အပြစ်ပုံချစွပ်စွဲပြောဆိုခြင်းသည် မိမိဘဝကိုမိမိတာဝန်ယူနေထိုင်ခြင်းမျိုးမဟုတ်ပါ။
မိမိသည်လည်း လူသားတစ်ဦးပဲမို့ အစွပ်စွဲခံနေရတဲ့အနေအထားမှာပါဝင်သလို စွပ်စွဲပြောဆိုတဲ့လူတွေထဲမှာလည်း ပါဝင်နေနိုင်ပါတယ်။ "လူတွေက သူတို့မခံစားရဖူးသေးတော့၊ မကြုံတွေ့ဖူးသေးတော့ ကိုယ်ချင်းစာစိတ်မရှိဘူး၊ နားမလည်ကြဘူး" ဟု ညည်းတွားပြောဆိုတတ်ကြခြင်းသည် အပျက်သဘောနဲ့အပြစ်သဘောကိုဆောင်နေတဲ့အတွက် တစ်ဦးနဲ့တစ်ဦးကြားမှာ ချစ်ခြင်းမေတ္တာတွေနေရာယူရမယ့်အစား အမုန်းတရားနဲ့ဒေါသရဲ့အကျိုးသက်ရောက်မှုတွေပဲ ဖြစ်ပွားနေမှာပါ။
သတိလေးထားပြီး ညည်းတွားခြင်းတွေကိုစွန့်လွှတ်မယ်၊ မိမိဘဝရဲ့အဖြစ်အပျက်အားလုံးသည် မိမိနဲ့သာသက်ဆိုင်သည်ဟု သတ်မှတ်၊ တာဝန်ယူနေထိုင်မယ်ဆိုရင်တော့ မိမိရဲ့ကိုယ်ပိုင်တန်ဖိုးကို ပိုသိမြင်လာပြီး စိတ်ချမ်းသာတဲ့လူသားတွေဖြစ်လာကြမှာပါ။
In life, no one owes anyone anything. We are the cause in the matter of our lives!
Thida Aung
Aug 24, 2022 (Wednesday)