Emotional Management

May 7, 2023
Inner Well-Being

မေး။ ပုံမှန်ဆိုရင် အနေအေးပေမယ့် ဒေါသထွက်ချိန်ဆိုရင် အသိစိတ်ပျောက်အောင် သောင်းကျန်းတတ်ပါတယ်။ တရားလည်းထိုင်ပေမယ့် ဒေါသထွက်လာရင် ထိန်းမရဖြစ်နေဆဲမလို့ Anger Management ကို စနစ်တကျလုပ်နည်း သိချင်ပါတယ်။

ဖြေ။ Anger Management လို့ Google ခေါက်လိုက်ရင် ဒေါသထွက်တဲ့အခါ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါဆိုပြီး tip & trick တွေ အများကြီးထွက်လာပါလိမ့်မယ်။ တကယ်တမ်း ဒေါသအရမ်းထွက်နေတဲ့အခါ ဒီ tip & trick တွေလုပ်ဖို့ ဘယ်သူမှသတိမရကြပါဘူး။ ဒါ့ကြောင့် ဒေါသထွက်လာတဲ့အထိမစောင့်ဘဲ လက်တွေ့ကျကျလုပ်လို့ရတဲ့အရာတွေကို အပိုင်း (၃) ပိုင်းခွဲပြီး ဖြေထားပေးပါတယ်။

အပိုင်း (၁) - စတင်လေ့ကျင့်ပါ။

ဒေါသထွက်ချင်တဲ့စိတ်ကို ဖမ်းမိနိုင်ဖို့နဲ့ ဖမ်းမိလိုက်တဲ့အချိန်မှာ ဒီ "ဒေါသစိတ်" အပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို လေ့ကျင့်ပေးလို့ရပါတယ်။ လေ့ကျင့်မှုရှိတဲ့သူဆိုရင် ကိုယ့်မှာဒေါသစိတ်ဖြစ်နေတယ်ဆိုတာ သိလိုက်တဲ့အခါ -

  • အသိစိတ်ပျောက်အောင် သောင်းကျန်းလိုက်မလား။
  • ဒါမှမဟုတ် "ငါဒေါသထွက်နေတာပဲ... ဝုန်းဒိုင်းကြဲလိုက်ချင်တယ်၊ ဒါပေမယ့် ငြိမ်ငြိမ်လေးနေကြည့်မယ်" ဆိုတဲ့ ဒေါသစိတ်နဲ့ခံစားချက်ကို အသိအမှတ်ပြု၊ နေကြည့်မလားဆိုတာကို ရွေးချယ်ပြီး တုံ့ပြန်နိုင်ပါတယ်။

အပိုင်း (၂) - တကယ့် အတွင်းကအကြောင်းရင်းကို ရှာပါ။

ဒေါသထွက်တဲ့အခါ အသိစိတ်ပျောက်အောင် သောင်းကျန်းရတဲ့အကြောင်းရင်း ရှိပါလိမ့်မယ်။ များသောအားဖြင့် လူတိုင်းမှာ ငယ်ဘဝတုန်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုအပေါ် ကိုယ့်မသိစိတ်က "ဆုံးဖြတ်ချက်" ချခဲ့တာရှိပါတယ်။ ကျွန်မမိတ်ဆွေတစ်ယောက်ရဲ့အတွေ့အကြုံတစ်ခုကို နမူနာပြောပြပါမယ်။

သူက ဒေါသထွက်လာရင် သူ့ဝန်ထမ်း/မိသားစုဝင်တွေကို အော်ဟစ်၊ မျက်စိရှေ့မှာရှိတဲ့ပစ္စည်းတွေကို ပစ်ခွဲတာမျိုး လုပ်လေ့ရှိပါတယ်။ ငယ်ဘဝအကြောင်းရင်းကိုရှာကြည့်တော့ သူ ၁၆ နှစ်သားတုန်းက မိသားစုထမင်းဝိုင်းမှာ ထမင်းလက်စုံစားနေတုန်း ရေပေါ်အားကစားတစ်ခုလုပ်ချင်ကြောင်း မိဘဆီမှာခွင့်တောင်းပါတယ်။ အဖေလုပ်သူက ကန့်ကွက်တဲ့အခါ "မကစားရဘူး" ဆိုပြီး ပါးစပ်ကလည်း ပြော၊ လက်ကလည်း စားနေတဲ့ထမင်းဝိုင်းတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။

ဒီအဖြစ်အပျက်ကို ကြုံတွေ့လိုက်ရတဲ့ ၁၆ နှစ်သားရဲ့စိတ်ထဲမှာ "ငါ့စကားကိုနားထောင်စေချင်ရင် တစ်ဖက်လူအပေါ်လွှမ်းမိုးနိုင်တဲ့ over-reaction အကြီးကြီးတွေ လုပ်ပြရမယ်" လို့ သတ်မှတ်လိုက်ပါတော့တယ်။ မသိစိတ်ကနေ ဆုံးဖြတ်ချက်ချလိုက်တာပါ။ ကာယကံရှင်ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့၊ ရည်ရွယ်ချက်ရှိရှိနဲ့ချခဲ့တာမဟုတ်တဲ့ ဘဝဆုံးဖြတ်ချက်ပါ။ နောက်ဆက်တွဲအကျိုးကတော့ - သူ့အလိုနဲ့ဆန့်ကျင်တိုင်း၊ ဒေါသထွက်လာတိုင်း အော်ဟစ်ပစ်ပေါက်ခြင်းဖြင့် သူရဲ့ပါဝါ/အာဏာရှိကြောင်းကို ပြပါတော့တယ်။

ဒီအကြောင်းရင်းကို အသက် ၅၀ ကျော်မှာ ရှာတွေ့ခဲ့ပြီးနောက်ပိုင်း အခုဆိုရင် ဒေါသထွက်ခဲ့ရင်တောင် လေသံအေးအေးလေးနဲ့ စကားပြောဆွေးနွေးနိုင်လာတဲ့အထိ ပြောင်းလဲလာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ - ဒေါသထွက်လာတဲ့အခါ ဒီလို over-reaction နဲ့တုံ့ပြန်မှ သူ့စကားကိုနားထောင်အောင်လုပ်လို့ရတာ မဟုတ်ကြောင်း စိတ်အတွင်းထဲကနေ နားလည်လက်ခံသွားလို့ပါ။

အပိုင်း (၃) - ကျွမ်းကျင်သူရဲ့အကူအညီကို ယူပါ။

Anger Management မှ မဟုတ်ပါဘူး။ မည်သည့်စိတ်ခံစားချက်ကိုမဆို သေချာထိန်းကျောင်း manage လုပ်တတ်ချင်ရင် ကိုယ်တစ်ယောက်တည်း struggle လုပ်နေတာထက် ဘေးကနေဝိုင်းကြည့်ပေးမယ့် အတွေ့အကြုံရှိတဲ့သူ လိုအပ်ပါတယ်။ တကယ့်အတွင်းကအကြောင်းရင်းကို ဝိုင်းကူရှာပေးဖို့ပါ။ အကြောင်းရင်း source ကို ရှာတွေ့သွားတဲ့အခါ ဘယ်လို emotion ကိုမဆို မိမိအလိုကျ ထိန်းကျောင်းတတ်လာပါလိမ့်မယ်။ ဒီ့အတွက် လေ့ကျင့်မှုတော့ လုပ်ပေးရပါမယ်။ လေ့ကျင့်မှလည်း ရပါမယ်။

Anger / Emotional Management အတွက် စနစ်တကျ လေ့လာသင်ယူ၊ လေ့ကျင့်ချင်လျှင် -

(၁) Living Being Mindful - သတိနှင့်နေထိုင်ခြင်း သင်တန်းကို တက်ရောက်နိုင်ပါတယ်။ စိတ်ခံစားချက်ကို ချက်ချင်းဖမ်းမိဖို့ကနေ ဘယ်လိုတုံ့ပြန် respond လုပ်ရမယ်ဆိုတဲ့အထိ လေးရက်အတွင်း group coaching & discussion ပုံစံနဲ့ သင်ယူရမှာဖြစ်ပါတယ်။

(၂) Inner Well-Being Educator တီချယ်သီတာအောင်နဲ့ တစ်ဦးချင်းသီးသန့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Emotional Management သည် လေ့ကျင့်ယူနိုင်သော အရည်အချင်းတစ်ခုဖြစ်ပါသည်။ လေ့ကျင့်ပေးမှလည်း ရပါမည်။

Yamong Thaw

May 7, 2023 (Sunday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကိုမျှဝေလိုက်နော်။ ❄️
Yamong Thaw

Co-Founder & Lead Educator of TDA Life Education. She loves to create playgrounds for people to find their greatness while writing, baking, and exchanging languages are her hobbies.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form