ဒေါသအကြောင်း သိထားရမည့်အချက်များ

Jul 8, 2023
Inner Well-Being

ကျွန်မအနေနဲ့ စိတ်နဲ့ပတ်သက်ပြီး လေ့လာလိုက်စားတယ်။ မိမိရဲ့စိတ်တွေကိုလည်း အမြဲတမ်းသတိရှိပြီး စောင့်ကြည့်နေထိုင်သူဖြစ်တာကြောင့် စိတ်နဲ့ပတ်သက်ပြီး ကျွန်မသင်တန်းတွေပို့ချတယ်။ Coaching ပေးတယ်။ စာတွေလည်းရေးပါတယ်။ တစ်နေ့ မိတ်ဆွေတစ်ယောက်က ဒေါသစိတ်နဲ့ပတ်သက်ပြီးရေးပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ သူ့အသိမိဘတွေ (အထူးသဖြင့် ကလေးကိုအနီးကပ်ပြုစုပျိုးထောင်ရတဲ့ မိခင်တွေ) အများစုက stress များ၊ စိတ်မရှည်၊ ဒေါသမထိန်းနိုင်ဘဲ သားသမီးတွေကိုရိုက်မိပြီးမှ နောင်တရကြတယ်လို့ ရင်ဖွင့်လာကြလို့ပါ။

တကယ်တော့ ဒေါသစိတ်ဆိုတာ လူသားတွေမှာဖြစ်ပေါ်တတ်တဲ့ စိတ်အမျိုးအစားအများကြီးထဲကတစ်ခုပါ။ ဒေါသစိတ်၊ ကြောက်စိတ်၊ ရှက်စိတ်၊ ဝမ်းနည်းစိတ်၊ မနာလိုစိတ်စတဲ့ လူမကြိုက်တဲ့ negative စိတ်တွေထဲမှာ ဒေါသစိတ်ကတော့ လူတိုင်းမလိုချင်ဆုံးနဲ့ အရှုတ်ချခံရဆုံးစိတ်လို့ ပြောလို့ရပါတယ်။ မိမိမှာဒေါသစိတ်ရှိရင် မကြိုက်ကြသလို ဒေါသစိတ်ကြီးတဲ့သူတွေကိုလည်း မကောင်းတဲ့လူအဖြစ် ဝေဖန်အပြစ်တင်ကြတာများပါတယ်။ ဒါကြောင့် ဒေါသစိတ်နဲ့ပတ်သက်လာရင် အပျက်သဘော၊ အပြစ်သဘောဆောင်ကြသလို ဒေါသစိတ်နဲ့ပတ်သက်ပြီး ရေးကြီးခွင်ကျယ် ပြောဆိုဆက်ဆံကြပါတယ်။

လူတွေက ဒေါသစိတ်ကို စက်ဆုပ်လေ၊ ဒေါသစိတ်က လူတွေနဲ့အတူနေလေဖြစ်တတ်ပါတယ်။ ဒေါသစိတ်ပြေပျောက်ဖို့ ဘာသာရေး၊ ပညာရေးတွေနဲ့ ကြိုးစားလေ့လာကြပေမယ့်လည်း ဒေါသစိတ် ခေတ္တခဏပြေပျောက်ဖို့အဆင့်လောက်ပဲရရှိကြပြီး ဘယ်လိုကိုင်တွယ်နေထိုင်ရမယ်ဆိုတဲ့အဆင့်အထိ လူတွေနားမလည်ကြပါဘူး။

ကျွန်မငယ်စဉ်ဘဝမှာ ဒေါသအရမ်းဖြစ်ပါတယ်။ ဒေါသကြီးတာမကောင်းတဲ့ကိစ္စမလို့ မိမိကိုယ်မိမိ ဒေါသရှိတယ်ဆိုတာ ဝန်မခံခဲ့ပါဘူး။ စကားပြောတိုင်းလည်း "ကျွန်မက သိပ်သည်းခံတတ်တာ။ လူတွေ ကျွန်မအပေါ်မှာဘယ်လိုပဲဆက်ဆံပါစေ ကျွန်မကမေတ္တာမပျက်ဘဲတုံ့ပြန်ပါတယ်" စသဖြင့် အမြဲထည့်ပြောလေ့ရှိပါတယ်။ အရင်ကတော့ ဒီလိုစကားမျိုးပြောခြင်းက ကိုယ့်ရဲ့ဒေါသစိတ်ကိုဖုံးအုပ်ခြင်းတစ်မျိုးဆိုတာကို နားမလည်ခဲ့ပါဘူး။ "ဒေါသထွက်တာ မကောင်းဘူး။ သည်းခံရမှာပေါ့။ ဘုရားရှိခိုးပါ" လို့ပဲ အသင်ခံခဲ့ရတဲ့အပြင် ဒေါသစိတ်ကို နည်းလမ်းမှန်မှန်ကိုင်တွယ်နည်းလည်း ဘယ်သူမှမပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ "ငါသည် ဒေါသကြီးတဲ့သူပါလား" လို့ မိမိဘာသာဝန်ခံပြီး ကိုင်တွယ်ဖြေရှင်းနည်းကို ကိုယ်တိုင်ရှာဖွေလေ့လာခဲ့ပါတယ်။

စိတ်ဆိုတာ အာရုံဖြစ်ပေါ်ခြင်းမလို့ ဒေါသစိတ်သည်လည်း "အာရုံ" တစ်ခုပါပဲ။

ငယ်စဉ်ကတည်းက ရှိခဲ့တာပါ။ မိမိမကြိုက်ရင်၊ လိုချင်တာမရရင်/မဖြစ်ရင်၊ သက်တောင့်သက်သာမရှိရင် မကျေမနပ်ဖြစ်ခြင်းကနေ ဒေါသစိတ်စတင်လာပါတယ်။ လူသားသဘာဝ memory (မှတ်ဉာဏ်) နဲ့ရှင်သန်နေထိုင်တာမလို့ ကျွန်မတို့အသက်ရှင်နေသရွေ့ memory က အလုပ်လုပ်နေပါတယ်။ မနှစ်မြို့တဲ့ခံစားချက်ကစပြီး suffering တွေ ဖြစ်လာခဲ့ပါတယ်။ မကျေနပ်စရာ၊ ဘဝင်မကျစရာတွေနဲ့ကြုံလာတဲ့အခါ မှတ်သားထားတဲ့ memory တွေက တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေပါတယ်။

ဒေါသစိတ်ဆိုတာလည်း ဝေဒနာခံစားတဲ့စိတ်အမျိုးအစားထဲမှာ ပါပါတယ်။

ဒေါသစိတ်ကို ကြောက်စရာကောင်းတယ်လို့ပြောကြတာက တုံ့ပြန်မှုပါတတ်လို့ပါ။ စကားအပြောအဆို၊ ခန္ဓာကိုယ်ထိခိုက်မှုတွေဖြစ်စေပြီး အကျိုးအသက်ရောက်မှုတွေက အပြစ်သဘောနဲ့အတူ အချင်းချင်းကြားမှာ နောင်တတွေရရှိစေသလို အပျက်သဘောဆောင်တဲ့ အချင်းချင်းကြားမှာရှိနေတဲ့ကောင်းမွန်တဲ့ဆက်ဆံမှုတွေကို ဆုံးရှုံးသွားစေလို့ပါပဲ။

မိမိရဲ့ဒေါသကြောင့် သားသမီးကိုရိုက်ပြီးဆုံးမခဲ့တဲ့မိဘတွေ နောင်တရကြသလို အသက်ကြီးလာတဲ့သားသမီးကလည်း မိဘအပေါ် မကျေမနပ်ဖြစ်တတ်ကြပါတယ်။ နောက်ဆက်တွဲအနေနဲ့ ပြောဆိုဆက်ဆံရေးတွေမှာ မပြေမလည်ဖြစ်ကြပြီး လူအချင်းချင်းကြား တုံ့ပြန်မှုဆိုတဲ့စက်ဝန်းထဲက မထွက်နိုင်ဖြစ်နေကြပါတယ်။

ဒေါသစိတ်ရဲ့ဇာစ်မြစ်နဲ့အမြစ်တွယ်မှုက ကလေးဘဝကတည်းက စခဲ့တာပါ။

လူတွေမကြိုက်တဲ့စိတ်၊ လူ့အသိုင်းအဝိုင်းနဲ့ ဘာသာရေးအသင်းအဖွဲ့တွေက မကောင်းဘူးလို့သတ်မှတ်ထားတဲ့စိတ်တွေဖြစ်တဲ့ လူတွေမဖြစ်ချင်တဲ့စိတ် (မလိုချင်တဲ့စိတ်) တွေပေါင်းပြီး ဒေါသစိတ်ကို ပိုကြီးထွားလာစေတတ်ပါတယ်။ ဥပမာ - သိမ်ငယ်စိတ်၊ ဝမ်းနည်းစိတ်၊ ရှက်စိတ်၊ ကြောက်စိတ်၊ မနာလိုစိတ်တွေဖြစ်ပေါ်လာရင် ဖြစ်ရမလားဆိုပြီး လက်မခံချင်တဲ့အနေအထားကြောင့် ဒေါသစိတ်အဖြစ်ပြောင်းလဲသွားတတ်ပါတယ်။ ဒေါသစိတ်များလာတဲ့အခါ ရင်ထဲမှာ မွန်းကြပ်သလိုခံစားရတာမလို့ အပြင်ဖက်ကိုထုတ်ရမယ့်အခြေအနေကို ဖြစ်စေပါတယ်။ ဒေါသစိတ်ဆိုတာ ထုတ်ဖော်ခြင်း - physically နဲ့ verbally express လုပ်ဖို့လိုအပ်ပါတယ်။

ဒေါသစိတ် ဘယ်ကလာသလဲ။

(၁) ကလေးဘဝကတည်းက ရရှိခဲ့တဲ့မှတ်ဉာဏ် (memory)

(၂) ဝမ်းနည်းစိတ်၊ ရှက်စိတ်၊ ကြောက်စိတ်၊ သိမ်ငယ်စိတ်၊ မနာလိုစိတ် (မလိုချင်သောစိတ်များ)

(၃) လွတ်လပ်မှုမရှိခြင်း၊ သက်တောင့်သက်သာမရှိခြင်း၊ ရည်မှန်းသလိုမဖြစ်လာခြင်း

ဒေါသစိတ်ရဲ့သဘာဝ

(၁) ဖော်ထုတ်ရမယ့်သဏ္ဍာန် (လှုံ့ဆော်မှု)

(၂) ပြုလုပ်ခြင်း ပါဝင်တယ်။

(၃) အပြစ်၊ အပျက်သဘောဆောင်တယ်။

(၄) ဝေဒနာခံစားချက် အခြေခံတယ်။

(၅) စွပ်စွဲပြောဆိုမှုသဏ္ဍာန်ရှိတယ်။

(၆) ကြည်လင်ပြတ်သားမှု မရှိဘူး။

(၇) Mind, Body နှစ်ခုလုံး unbalanced အနေအထားမှာရှိတယ်။

(၈) စိတ်နေမကောင်းခြင်း၊ ခန္ဓာကိုယ်နေမကောင်းခြင်း ဖြစ်စေတယ်။

ဒေါသစိတ်ဖြစ်ပေါ်လာရင် ဘာလုပ်မလဲ။

(၁) အသိအမှတ်ပြုပါ။

(၂) လက်ခံပါ။

(၃) ခေတ္တခဏလာလည်ခြင်းဟု သဘောထားပါ။

(၄) စိတ်တွေထဲက စိတ်တစ်ခုလို့ နားလည်ပါ။

(၅) ဒေါသဖြစ်ရင် မိမိရဲ့ခန္ဓာကိုယ်မှာ ဘာတွေဖြစ်တတ်သလဲဆိုတာကို စတင်သတိပြုပါ။

(၆) ရိုးရိုးလေးတွေးပြီး အရိုးရှင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းပါ။

(၇) မကျေနပ်တာတွေကို စာရွက်ပေါ်မှာရေးချရင်းနဲ့ ဒေါသစိတ်ပြေတတ်ပါတယ်။

(၈) အသက်ကို ပြင်းပြင်းလေးရှုသွင်းရှုထုတ်လုပ်ခြင်းဖြင့်လည်း ဖြေရှင်းနိုင်ပါတယ်။

ဒေါသစိတ်နဲ့ပတ်သက်ပြီး အချုပ်ပြောရမယ်ဆိုရင် -

အသက်ရှင်နေသရွေ့၊ လူ့ဘဝကိုလမ်းလျှောက်နေသရွေ့၊ လူတွေနဲ့ပေါင်းသင်းဆက်ဆံနေသရွေ့ မိမိအတွက် စိတ်ကသိကအောက်ဖြစ်စရာတွေကြုံတွေ့ပြီး ဒေါသစိတ်တွေက ကပ်လိုက်ခွာလိုက်ဖြစ်နေဦးမှာပါ။ ရှောင်လွှဲလို့မရပါဘူး။ မိမိကိုယ်မိမိ "ဒေါသကြီးသူ" "မကောင်းတဲ့လူ" စသဖြင့် label မတပ်ပါနဲ့။ ဒေါသဖြစ်တဲ့အခါ မိမိကိုယ်မိမိ အပြစ်တင်ပြောဆိုနေမယ့်အစား ဒေါသစိတ်က မိမိဆီခဏလာလည်တာဖြစ်ပြီး ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့နည်းလမ်းကိုပဲ ရှာဖွေဖြေရှင်းပါ။ လေ့ကျင့်မှုများလာရင် နောက်ပိုင်းမှာ မိမိအနေနဲ့ ဒေါသဆိုတဲ့အာရုံကိုခံစားရတာ နည်းလာပါလိမ့်မယ်။

ဒေါသကြီးနေတဲ့သူတစ်ယောက်ကို လူကောင်း၊ လူဆိုး (သို့) လူမှန်၊ လူမှားရယ်လို့ သတ်မှတ်လို့မရပါဘူး။ ဒါပေမယ့် ဒေါသကြီးနေတဲ့လူတစ်ယောက် -

  • သူ့ရဲ့တဒင်္ဂအာရုံမှာ မေတ္တာ၊ ကရုဏာ၊ စာနာစိတ် မရှိနေပါဘူး။
  • မကျေနပ်ခြင်းဆိုတဲ့စိတ်ဝေဒနာကို ခံစားနေရသူမလို့ သူရဲ့အပြုအမူက ကြမ်းတမ်းမှုရှိပါတယ်။
  • သူများရဲ့အပြုအမူအပေါ် မကျေမနပ်ဖြစ်ပြီး ဒေါသဖြစ်ခြင်းသည် မိမိကိုယ်မိမိ အဆိပ်သောက်ပြီး ရောဂါယူနေသူဟုလည်း ယူဆလို့ရပါတယ်။

Anger Management အတွက် စနစ်တကျ လေ့လာသင်ယူ၊ လေ့ကျင့်ချင်လျှင် -

(၁) Living Being Mindful - သတိနှင့်နေထိုင်ခြင်း သင်တန်းကို တက်ရောက်နိုင်ပါတယ်။ စိတ်ခံစားချက်ကိုချက်ချင်းဖမ်းမိဖို့ကနေ ဘယ်လိုတုံ့ပြန် respond လုပ်ရမယ်ဆိုတဲ့အထိ လေးရက်အတွင်း group coaching & discussion ပုံစံနဲ့ သင်ယူရမှာဖြစ်ပါတယ်။

(၂) မိမိရဲ့ဒေါသမြစ်ဖျားခံရာ ငယ်ဘဝအဖြစ်အပျက်အပါအဝင် လက်ရှိအနေအထားအားလုံးကို သေချာတိုင်ပင်ဆွေးနွေးချင်ရင် ကျွန်မနဲ့ တစ်ဦးချင်းသီးသန့် coaching ယူနိုင်ပါတယ်။

Thida Aung

Jul 8, 2023 (Saturday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸🥰
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form