အတွေးတွေကို ဘယ်လိုရပ်တန့်ရမလဲ။

Oct 2, 2022
Inner Well-Being

တကယ်တော့ စိတ်အတွေးဆိုတာ ရပ်တန့်လို့မရပါ။ ထိန်းချုပ်ပြန်ရင်လည်း ကမောက်ကမဖြစ်တတ်ပါတယ်။ ဒါဆို လူတွေက စိတ်အတွေးကို ဘာဖြစ်လို့ရပ်ချင်ကြတာလဲ။

လူတွေက စိတ်အတွေးကိုရပ်ပြီး မတွေးဘဲနေချင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်တွေကြောင့် ခံစားချက်မကြည်မလင်ဖြစ်တယ် (ခံစားရမှာကြောက်တယ်)။ ခံစားချက်မကောင်းနေတဲ့အချိန်မှာ လူတွေနဲ့ဆက်ဆံရတာ အဆင်မပြေဘူး... စိတ်ကိုအနှောင့်အယှက်ဖြစ်စေတယ် စသဖြင့် စိတ်ကိုရှောင်ကြတယ်။ သို့မဟုတ် တစ်ခုခုနဲ့အစားထိုးကြတယ်။ စိတ်ကိုလိမ်လည်ကြတယ်။ ဘယ်လိုကိုင်တွယ်ရမှန်းမသိဖြစ်နေပြီး စိတ်အတွေးကိုကြောက်လန့်နေကြတာတွေ တွေ့ရပါတယ်။

စိတ်ကိုကြောက်ရွံ့ခြင်းကြောင့် ဘာတွေဆင့်ကဲဖြစ်ပေါ်လာနိုင်သလဲ။

စိတ်ကိုကြောက်တဲ့စိတ်ကြောင့် impact လို့ခေါ်တဲ့ အကျိုးသက်ရောက်မှုစိတ်ခံစားချက်၊ စိတ်လှုပ်ရှားမှုတွေဖြစ်ပြီး တုံ့ပြန်ပြုမူခြင်းတွေနဲ့အတူ လူလူချင်းရှောင်ရှားခြင်း၊ ဟန်ဆောင်ခြင်း၊ စွပ်စွဲခြင်း၊ ထင်ကြေးတွေနဲ့အပြစ်တင်ပြောဆိုခြင်းတွေ ဖြစ်လာတယ်။ စိတ်ကောင်းရှိသူ၊ မရှိသူဆိုပြီး စိုးရိမ်မှုတွေနဲ့နေထိုင်နေကြတာကိုလည်း သတိမမူမိကြပါဘူး။

စိတ်အတွင်းအကျိုးသက်ရောက်မှု (Inner Impact) နဲ့ အပြင်လောကအကျိုးသက်ရောက်မှု (Outer Impact) ဆက်စပ်နေပုံ

Impact ဆိုတာက မိမိရဲ့ဖြစ်တည်မှု Being (Inner Impact) ရှိသလို အပြင်လောကရဲ့ Impact (Doing) တွေရှိတာကြောင့် မိမိရဲ့ဖြစ်တည်မှုက အပျက်သဘောဆောင်နေရင် အပြင်လောကမှာလည်း အပျက်သဘောကျရောက်သလို အပြုသဘောဆောင်ရင်လည်း အပြုသဘောကျရောက်ပါတယ်။ ဒါကြောင့် မိမိဘဝရဲ့တိုးတက်ဖြစ်ထွန်းမှုက မိမိရဲ့ဖြစ်တည်မှုအပေါ်မှာမူတည်ပါတယ်။

စိတ်ပညာနဲ့စိတ်ပညာရှင်၊ အတွေးအခေါ်အတတ်ပညာနဲ့ အတွေးအခေါ်ဆိုင်ရာပညာရှင်တွေက အမှန်တရားကိုတွေ့ရှိနိုင်သလား။

စိတ်ပညာနဲ့ပတ်သက်တဲ့ပညာကိုတတ်ထားခြင်း၊ စိတ်အတွေးအခေါ်နဲ့ပတ်သက်ပြီးသင်ကြားထားခြင်းတွေက ဗဟုသုတနဲ့သတင်းအချက်အလက်အဖြစ် ရှင်းပြထားခြင်းအဆင့်လောက်သာရှိပါတယ်။ မိမိကိုယ်မိမိလက်တွေ့ကျင့်သုံးခွင့်အနေအထားကိုမပေးသလို အတွင်းကျကျဇာစ်မြစ်ကိုရှာဖွေနိုင်ခြင်းလည်း မရှိပါ။ ကျင့်သုံးဖို့နည်းစနစ်နဲ့နည်းလမ်းမရှိတာကြောင့် လူ့ဘဝရဲ့ရှင်သန်ဖြစ်တည်မှုကိုဖန်တီးနေထိုင်ခြင်းအမှန်တရားကိုလည်း ရှာမတွေ့နိုင်ပါ။

ယေဘုယျအားဖြင့် စိတ်ရဲ့သဘာဝတွေက ဘာလဲ။

သဘာဝအားဖြင့် လူ့စိတ်ဆိုတာ -

  • နာကျင်ခံစားရမှာ သိပ်ကြောက်ပါတယ်။
  • နေရာလိုပါတယ်။
  • လွတ်လပ်မှုလိုပါတယ်။
  • လက်ခံပေးတာကိုကြိုက်ပါတယ်။
  • အပေါင်းနဲ့အမြှောက်ဆိုတဲ့ များလာခြင်းနဲ့တိုးပွားခြင်းပဲရှိပါတယ်။
  • မစဉ်းစားချင်ရင် ပိုစဉ်းစားမိစေပါတယ်။
  • အလွှာမျိုးစုံ၊ ရှုထောင့်မျိုးစုံ၊ အမျိုးအစားအစုံရှိပါတယ်။
  • မကြိုက်တဲ့စိတ်ကိုဖိနှိပ်ရင် မကြိုက်တဲ့စိတ်နောက်တစ်ခု ထပ်ပေါ်တတ်ပါတယ်။

လူ့သဘာဝနဲ့ယှဉ်ပြီး စိတ်ကလည်း လွတ်လပ်မှုကိုကြိုက်ပါတယ်။ စိတ်ရဲ့သဘာဝက မကြိုက်တဲ့စိတ်လာရင်တောင်မှ ကောင်းကောင်းမွန်မွန်ဆက်ဆံမှ မိမိလိုချင်ဖြစ်ချင်တဲ့နောက်စိတ်တစ်ခုက အလိုအလျောက်ထွက်ပေါ်လာမှာပါ။

စိတ်ဆိုတာ စကားလုံးအသုံးအနှုန်းတွေကို အသုံးပြုပြောဆိုရတာကြောင့် မိမိသုံးနှုန်းလိုက်တဲ့စကားအပေါ်မှာလိုက်ပြီး ခံစားချက်တွေရှိလာသလို Energy တွေကိုလည်း ထိခိုက်စေပါတယ်။

စိတ်ဆိုတာ မမြင်ရတဲ့အသံအာရုံတစ်ခုပါ။ လူ့ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်း (Organs) တွေကရတဲ့ အကြားအာရုံ၊ အမြင်အာရုံ၊ အထိအတွေ့အာရုံ၊ အနံ့အာရုံ၊ အရသာအာရုံတွေအပေါ် အမြဲတမ်းတုံ့ပြန်နေတတ်ပါတယ်။ တုံ့ပြန်လို့တုံ့ပြန်နေမှန်း မိမိတောင်မသိလိုက်တဲ့ အလိုအလျောက်ပြုမူနေခြင်း (Autopilot) ပါ။

မိမိရဲ့စိတ်ကိုထိန်းကျောင်းလိုသူများအတွက် အကြံပေးချင်တာကတော့ စိတ်ကိုစောင့်ကြည့်ပါ။ စောင့်ကြည့်သူဖြစ်အောင် ကြိုးစားအားထုတ်ပါ။

စိတ်ကိုဘယ်လိုစောင့်ကြည့်ရမလဲ။

မိမိနဲ့မိမိရဲ့စိတ်ကို ခွဲခြားပစ်ပါ။ စိတ်ကဘာတွေပြောနေသလဲ။ ဘာတွေတွေးနေသလဲ။ ဘာစိတ်တွေဖြစ်နေသလဲ။ ဘာပဲလာလာ... မဝေဖန်ပါနဲ့။ အသိအမှတ်ပြုပါ။ လက်ခံပါ။ သိပေးနေလိုက်ပါ။

မိမိဆီရောက်လာတဲ့စိတ်ကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ခံစားချက် (တုံ့ပြန်မှု)၊ ခန္ဓာကိုယ်လှုပ်ရှားမှု (တုံ့ပြန်မှု)၊ ခွန်အားအနေအထား (Energy level အတက်အကျ) တွေကို စတင်ပြီးသတိပြုပါ။ အားလုံးသည် တဒင်္ဂအတွင်းမှာဖြစ်ပေါ်ခြင်းနဲ့ ပျက်ပြယ်ခြင်းပါ။

စိတ်ကိုစောင့်ကြည့်ဖို့အတွက် နေ့စဉ်လှုပ်ရှားသွားလာနေထိုင်နေရင်းနဲ့ သတိပြုလေ့ကျင့်လို့ရပါတယ်။ Meditation (တရားထိုင်ခြင်း) လို့လည်းပြောလို့ရပါတယ်။ လေ့ကျင့်မှုအားကောင်းလာရင် စိတ်ရဲ့ကျေးကျွန်မဖြစ်တော့ဘဲ မိမိရဲ့စိတ်ကိုစီမံခန့်ခွဲနိုင်တဲ့ Master တစ်ယောက်ဖြစ်လာနိုင်ပါတယ်။

စိတ်ကိုစောင့်ကြည့်ပြီးနေထိုင်ခြင်းရဲ့အကျိုးကျေးဇူးက ဘာလဲ။

သတိရှိခြင်းဖြင့်နေထိုင်ခြင်းလို့လည်း ပြောလို့ရပါတယ်။ မိမိရဲ့ဖြစ်တည်မှု (Being) ကို ဟန်ချက်ညီညီအနေအထားနဲ့ အုတ်မြစ်ချနေထိုင်ခြင်းဖြစ်ပါတယ်။

Human Being ဆိုတဲ့လူသားဖြစ်တာမို့ လူသားရဲ့သဘာဝသဘောတရားကိုနားလည်ပြီး စိတ်၊ ခန္ဓာကိုယ်၊ စိတ်လှုပ်ရှားခံစားမှု၊ မှတ်ဉာဏ်၊ စွမ်းအင် (Energy) တွေကို ဟန်ချက်ညီစွာပေါင်းစပ်နေထိုင်ခြင်းက လက်ရှိရထားတဲ့ပစ္စုပ္ပန်ဘဝမှာ တစ်ဦးချင်းစီ ရင်တွင်းအေးချမ်းမှုတွေကို တာဝန်ယူတတ်လာမယ်။ လူအချင်းချင်း ပျော်ရွှင်စွာဖြတ်သန်းရှင်သန်နေထိုင်ပြီး မိမိလိုချင်တဲ့ပုံစံကို စိတ်တိုင်းကျဖန်တီးနေထိုင်လာနိုင်မှာဖြစ်ပါတယ်။ လူ့တန်ဖိုးအစစ်အမှန်ကိုပိုင်ဆိုင်ခြင်း၊ လူဖြစ်ရကျိုးနပ်တယ်ဆိုတဲ့ခံစားချက်၊ တစ်ဦးချင်းရင်တွင်းစိတ်ချမ်းသာမှုတွေ ရရှိလာနိုင်ပါလိမ့်မယ်။

မိရိုးဖလာစာသင်ကျောင်းနဲ့အခြားအဖွဲ့အစည်းတွေမှာ စိတ်နဲ့ပတ်သက်လို့ အသေးစိတ်ထိရောက်စွာ သင်ကြားပေးခြင်းမရှိပါဘူး။ ဒါကြောင့် မိမိကိုယ်တိုင်ရှာဖွေပြီး စတင်သတိပြုနေထိုင်ဖို့ လိုအပ်လာပါပြီ။ ဒီ "စိတ်အတွေးတွေကို ဘယ်လိုရပ်တန့်ရမလဲ" အကြောင်းအရာသည် ဗဟုသုတသက်သက်မဟုတ်ပါ။ စတင်ပြီးလေ့ကျင့်လို့ရတဲ့ အစပျိုးနည်းလမ်းပါ။ အသက် ၇ နှစ်အရွယ်ကနေစပြီး လေ့ကျင့်လို့ရတဲ့နည်းလမ်းပါ။

အကျိုးရှိမယ်ထင်ပါတယ်။

စိတ်ကိုစောင့်ကြည့်သူများ ဖြစ်လာနိုင်ကြပါစေ။

Thida Aung

Oct 2, 2022 (Sunday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form