Where does the filter come from?
ကျွန်မသားလေးမွေးပြီးခါစမှာ ကျွန်မအိမ်ကိုဖေဖေလာလည်လေ့ရှိပါတယ်။ ကျွန်မတို့ဆက်ဆံရေးကလည်း ပြေလည်တယ်လို့ပြောလို့ရပါတယ်။ တစ်ရက်မှာတော့ ဖေဖေနဲ့စကားပြောနေရာကနေ သူ့ရဲ့ပြောစကားတစ်ခုကြောင့် ကျွန်မစိတ်စနိုးစနောင့်ဖြစ်ခဲ့ပြီး ဖေဖေ့ဘေးနားမှာနေချင်စိတ်မရှိတော့ဘဲ မြန်မြန်ပြန်ရင်ကောင်းမှာပဲလို့တွေးမိပါတယ်။ ကိုယ့်အသံတိတ်သွားပြီး သူ့အပေါ်စကားပြောချင်တဲ့စိတ်မရှိတဲ့ပုံဖြစ်နေတာကို တွေ့သွားတယ်ထင်ပါတယ်… ဖေဖေကချက်ချင်းပဲ “ဖေဖေပြန်တော့မယ်သမီး” တဲ့။ ကိုယ်ကလည်း “ဟုတ်ကဲ့”လို့ ပြောလိုက်ပြီးတံခါးဖွင့်ပေးခဲ့တယ်။ အဲ့ဒီနေ့မှာတော့ ဖေဖေ့ရဲ့နောက်ကျောကိုကြည့်ပြီးဝမ်းနည်းနေမိတယ်။
ငါဘာဖြစ်လို့ ကိုယ့်ရဲ့အဖေအပေါ်ဒီလိုဖြစ်ရတာလဲ။ ဘာဖြစ်လို့ ဖေဖေ့အပေါ်နွေးနွေးထွေးထွေးမဆက်ဆံနိုင်တာလဲ။ ကလန်ကဆန်လုပ်ချင်တဲ့စိတ်တွေ ဘာလို့ဝင်ရတာလဲ။ ဘာလို့သူ့စကားကိုဆုံးအောင်နားမထောင်နိုင်တာလဲ… စသဖြင့်ပေါ့။ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်၊ guilt တွေလည်း ဖြစ်နေမိတယ်။
သားလေးတစ်နှစ်သားအရွယ်မှာ ကျွန်မ Seminar တစ်ခုကိုတက်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်မရဲ့ Blind Spot တွေကိုတွေ့ခဲ့ရပါတယ်။
ကျွန်မထွင်ထားတဲ့ဇာတ်လမ်း (story) ကတော့…
ကျွန်မလေးနှစ်အရွယ်လောက်တုန်းက အပြင်ကအော်ဟစ်သံတွေကြောင့် အိပ်နေရာကနေနိုးလာခဲ့တယ်။ အိမ်ရှေ့ကိုပြေးထွက်လာပြီးကြည့်လိုက်တော့… မိုးတွေကရွာနေတယ်။ အိမ်ရှေ့လမ်းမအကျော်မှာရှိတဲ့လယ်ကွင်းထဲမှာ အဖေက ကျွန်မရဲ့အစ်ကိုကြီးကိုဇင်ဘိုကို တုတ်တစ်ချောင်းနဲ့ အနောက်ကနေ အော်ပြီးလိုက်နေတယ်။ အစ်ကိုကလည်းငိုပြီးပြေးတယ်။ ကျွန်မရင်တွေတုန်လာတယ်။ အဲ့ဒီမြင်ကွင်းကိုကြည့်ပြီး ကျွန်မရဲ့အဖေအပေါ်ကောက်ချက်ချဆုံးဖြတ်လိုက်တာက “ကျွန်မရဲ့အဖေသည် လူဆိုးကြီးပါလား။ ကလေးတွေကိုလည်းမကြင်နာဘူး။ ကြောက်စရာလူကြီးတစ်ယောက်ပါလား”လို့။
အဲ့ဒီနေ့ကနေစပြီး အဖေ့အပေါ် လေးနှစ်သမီးဘဝကအမြင်နဲ့ပဲ ဆက်ဆံနေတာကိုတွေ့ရပါတယ်။ အဲ့ဒီအမြင်ကို “ဇကာတင်စစ်ပြီး မြင်တဲ့အမြင်” (filter) လို့ ခေါ်ပါတယ်။ နောက်ထပ်နမူနာပြောရရင်တော့ အရောင်ပါတဲ့မျက်မှန်တစ်လက်ကိုတပ်ပြီး ကြည့်သလိုပေါ့။ ကျွန်မကဖေဖေ့ကိုမြင်တာနဲ့ “လူဆိုးကြီးပါ။ ကလေးတွေကိုလည်းမကြင်နာဘူး။ ကြောက်စရာလူကြီးတစ်ယောက်ပါလား”ဆိုတဲ့မျက်မှန်ကိုတပ်ပြီးဆက်ဆံနေတာကို ကျွန်မမသိခဲ့ပါဘူး။
ကျွန်မမှာ အဲ့ဒီမျက်မှန်ရှိနေတာကိုသိလိုက်တဲ့တဒင်္ဂမှာပဲ မျက်မှန်လေးပြုတ်ကျသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မဖေဖေရဲ့အပြုအမူတွေဖြစ်တဲ့ သူ့ရင်ခွင်ထဲပိုက်ပြီး သီချင်းဆိုတတ်အောင်သင်ပေးခဲ့တာတွေ၊ ကျွန်မရဲ့လက်ကလေးကိုကိုင်ပြီး တယုတယနဲ့လက်ဆောင်ပေးခဲ့တာတွေအားလုံးကို မြင်လိုက်ရပါတယ်။ အဲ့ဒီနေ့ကစပြီး ဖေဖေနဲ့ကျွန်မရဲ့ဆက်ဆံရေးဟာနွေးထွေးပြီး I love you ဖေဖေ ဆိုတဲ့စကားကိုအမြဲပြောနိုင်ခဲ့သလို သူပေးခဲ့တဲ့အချစ်မှန်သမျှကို ကျွန်မရခဲ့ပါတယ်။
ပြီးတော့ ကျွန်မရဲ့လေးနှစ်သမီးအရွယ်တုန်းကမြင်ကွင်းအကြောင်းကို ဖေဖေ့ကိုမေးကြည့်တော့ ဖေဖေကရယ်ပြီးပြောပါတယ်။ “သမီးအစ်ကိုက ဆေးခန်းသွားဖို့ဆရာဝန်နဲ့ချိန်းထားတာကို မသွားဘူးဆိုပြီးထွက်ပြေးတော့ ဖေဖေကတုတ်နဲ့ခြောက်ပြီးပြန်လာအောင်လုပ်တာပါတဲ့။ Sorry ပါ။ ဖေဖေ့ရဲ့အပြုအမူက သမီးအပေါ်ဒီလိုသက်ရောက်စေတာ။”
အခုတော့ ကျွန်မဖေဖေ ဒီလောကကြီးမှာမရှိတော့ပါဘူး။ ဒါပေမယ့် ဖေဖေနဲ့ပတ်သက်ပြီး ကျွန်မရင်ထဲမှာရှိတဲ့စကားတွေ အကုန်ပြောခဲ့ရတယ်။ သူ့ရဲ့ပြောချင်တာတွေ၊ ဖြစ်စေချင်တာတွေအားလုံးကိုလည်း ရအောင်ယူနိုင်ခဲ့တဲ့အတွက် ကျွန်မဘဝပြီးပြည့်စုံသလိုခံစားရပါတယ်။
ကျွန်မပြောချင်တာကတော့ ကျွန်မဖေဖေအစစ်နဲ့ မျက်မှန်ထဲကဖေဖေကို ခွဲခြားသိလိုက်ရတယ်ဆိုတာပါပဲ။ တကယ်တော့ ကျွန်မဖေဖေအစစ်က ကြင်နာတတ်သောဖေဖေပါ။
သုံးသပ်ချက်
ကျွန်မမိဘနှစ်ပါးမှာ ကျွန်မအပါအဝင် သားသမီး ၁၀ ယောက်ရှိပါတယ်။ အားလုံးအပေါ်မှာ ကျွန်မမျက်မှန်တပ်ပြီးကြည့်ခဲ့တာတွေတွေ့ရတဲ့အတွက် ကျွန်မမိသားစုအပေါ်တပ်ထားတဲ့မျက်မှန်တွေ ချွတ်ခဲ့လိုက်ပါတယ်။ လူတွေနဲ့ဆက်ဆံတိုင်း ကျွန်မရဲ့မေးခွန်းကတော့ "ငါ သူတို့ကို မျက်မှန်တပ်ပြီးဆက်ဆံနေသလား” ဆိုတာပါပဲ။
Thida Aung
Jan 13, 2020 (Monday)