စိတ်ဆိုတာ အလွယ်ပြောရမယ်ဆိုရင် မမြင်နိုင်ဘူး။ ထိတွေ့လို့မရဘူး။ တဒင်္ဂအတွင်းဖြစ်ပေါ်တယ်။ အတက်အကျအပြောင်းအလဲမြန်တယ်။ စိတ်မှာအာရုံတစ်ခုပဲထားလို့ရပေမယ့် အလွှာပေါင်းများစွာရှိတယ်။ အပြင်လောကမှာဖြစ်ပျက်နေတဲ့အရာတွေအပေါ် တုံ့ပြန်မှုတွေလုပ်တယ်။ သိပြီးသားအရာတွေနဲ့ မဖြစ်လာသေးတဲ့အရာတွေအပေါ်မှာ စိတ်ကူးစိတ်သန်းဖွဲ့ပြီး Negative နဲ့ Positive အတွေးတွေ တွေးတတ်ပါတယ်။
စိတ်ဆိုတာဘာလဲ။
စိတ်ကို အာရုံ ၆ ပါးထဲကတစ်ပါးလို့လည်းပြောကြတယ်။
ဗုဒ္ဓဘာသာမှာ စိတ်ကို စွမ်းအားရှိသော၊ အာရုံခံစားနိုင်သောအတွေးလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
ခရစ်ယာန်ဘာသာမှာတော့ စိတ်ကို ဘုရားသခင်၏အသံတစ်ခုလို့ချီးမွမ်းကြသလို သတိထားခြင်း၊ အတွေး၊ မှတ်ဉာဏ်၊ စိတ်ခံစားချက်အားလုံးကိုပေါင်းစုထားတဲ့အရာလို့လည်း သတ်မှတ်ကြပါတယ်။
စိတ်ပညာ (Psychology) အရ စိတ်ဆိုတာ ဉာဏ်ပညာနှင့်သတိတို့ပေါင်းစပ်ထားသော၊ သိမြင်နားလည်နိုင်စွမ်းရှိသော၊ ခံစားမှုရှိသော၊ စိတ်ကူးစိတ်သန်းကိုဖော်ထုတ်နိုင်သော အတွေးမှတ်ဉာဏ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
လူဆိုတာ သဘာဝထဲကသဘာဝတစ်ခုဖြစ်တဲ့အတွက် လူတွေမှာရှိတဲ့စိတ်ကလည်း သဘာဝတစ်ခုပဲဖြစ်တယ်။ ဒါကြောင့် ဒဿနသဘောတရား (Philosophy) အရ ကြည့်မယ်ဆိုရင် စိတ်ကိုရရှိမှုပညာသဘောသဘာဝနဲ့ဆိုင်တယ်လို့ပြောကြပါတယ်။
စိတ်ကို အင်္ဂလိပ်လို Mind လို့ခေါ်ပါတယ်။ အတွင်းသံ (inner voice) လို့လည်း သုံးနှုန်းခေါ်ဆိုထားပါတယ်။
Inner Voice (အတွင်းသံ)
စိတ်ကစကားတွေပြောနေတယ်။ စိတ်ထဲမှာ တစ်ယောက်ယောက်ကစကားလာပြောနေသလိုခံစားနေရတယ်ဆိုရင် အတွင်းသံ Inner Voice ရှိမရှိနားထောင်ကြည့်ဖို့ တိုက်တွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က စိတ်အကြောင်းသာပြောဆိုနေကြပေမယ့် စိတ်ဆိုတာမမြင်ရသလို ကိုင်တွယ်ထိတွေ့လို့လည်းမရဘူး။
မြင်၊ ကြား၊ တွေ့ထိ၊ အရသာ၊ အနံ့အာရုံတွေကို ပြင်ပအာရုံ ၅ မျိုးလို့သတ်မှတ်မယ်ဆိုရင် စိတ်ကအတွင်းကနေလာတဲ့အာရုံ၊ ဆဋ္ဌမအာရုံလို့သတ်မှတ်လို့ရပါတယ်။ အတွင်းစိတ်အာရုံက မြင်တာကြားတာမှန်သမျှကို မြင်တာကြားတာအနေနဲ့မထားဘဲ judging and assessing ဝေဖန်ပိုင်းခြားသုံးသပ်ပါတယ်။ ဘယ်လိုဝေဖန်သုံးသပ်သလဲ။ ဘယ်ကနေလုပ်နေတာလဲဆိုတာသိဖို့အတွက် အတွင်းသံကို လေ့ကျင့်ခန်းတစ်ခုနဲ့ဖော်ထုတ်ကြည့်လို့ရပါတယ်။
ကိုယ့်ရှေ့ကနေ ဆယ်ကျော်သက် (teenager) တစ်ယောက် ဖြတ်လျှောက်သွားတာကိုတွေ့လိုက်ရင် (ကိုယ်က ဆယ်ကျော်သက်ဆိုတဲ့ဝေါဟာရနဲ့ပတ်သက်ပြီး အနုတ်သဘောဆောင်တဲ့အမြင်ရှိထားမယ်ဆိုရင်) ကိုယ့်အတွင်းသံက "ဒီကလေး ဝတ်ထားတာတစ်မျိုးကြီးပဲ။ ဘာကြီးမှန်းလဲမသိဘူး" စသဖြင့် ချက်ချင်းပဲဝေဖန်လိုက်ပါတယ်။ ဒီလိုမျိုး မြင်သမျှ၊ ကြားသမျှတွေကို ကိုယ့်ထင်မြင်ချက်တစ်ခုမဟုတ်တစ်ခုထည့်ပြီး ဝေဖန်သုံးသပ်နေတာက ကျွန်မတို့ကို စိတ်ပင်ပန်းဆင်းရဲစေပါတယ်။ ဒီလိုမျိုးအတွင်းသံပြန်ကြားနေရတာ၊ လုပ်လို့လုပ်မှန်းမသိဖြစ်နေတာက လူ့သဘာဝတစ်ခုပါ။
ဥပမာ - သူငယ်ချင်းက "ငါ မင်းကိုအခုဖုန်းမခေါ်နိုင်သေးဘူး" လို့ ပြောလာတယ်ဆိုပါစို့။ သူကငါ့ကိုအခုဖုန်းမဆက်နိုင်သေးဘူးဆိုတဲ့ တကယ့်အဖြစ်အပျက် (what happened) နေရာမှာမထားဘဲ နောက်ဆက်တွဲအနေနဲ့ "သူက ငါ့ကိုဖုန်းမခေါ်နိုင်တာက နောက်သူငယ်ချင်းတစ်ယောက်ကို ပိုခင်သွားလို့။ ငါ့ကိုဂရုမစိုက်တော့ဘူး။ ပိုချမ်းသာတဲ့သူဆီပဲသွားတယ်" ဆိုတာတွေက ကျွန်မတို့ဖန်တီးနေတဲ့ဇာတ်လမ်း (story) တွေပါ။ တခြားလူဖန်တီးထားတာတွေမဟုတ်ပါဘူး။ ဒါတွေကို သတိထားရပါမယ်။
လူတစ်ယောက်၊ အကြောင်းအရာတစ်ခု၊ အခြေအနေတစ်ခုမှာ စိတ်ခုနေတယ်၊ စိတ်ထဲမှာနေလို့မကောင်းဘူးလို့ခံစားရရင် အဲ့ဒီအနေအထားနဲ့ပတ်သက်ပြီး ကိုယ့်အတွင်းသံက ဘယ်လိုအနုတ်စကားတွေနဲ့ ဝေဖန်သုံးသပ်နေသလဲဆိုတာကို သတိထားကြည့်ပါ။
စိတ်အလွှာ (Layers of Mind)
စိတ်မှာ ၃ လွှာရှိတယ်လို့ ဒဿနိကပညာရှင်များက သုံးသပ်ထားပါတယ်။
ပထမအလွှာ - Conscious Mind (သတိ၊ အသိနဲ့နေသောစိတ်)
ဒုတိယအလွှာ - Subconscious Mind (သိစိတ်နဲ့မသိစိတ်ကြား ဝေဝါးနေသောစိတ်)
တတိယအလွှာ - Unconscious Mind (သတိလက်လွတ်နဲ့အလုပ်လုပ်နေသောစိတ်)
Conscious Mind ရဲ့သဘာဝက လက်ရှိအနေအထားကို နားလည်သဘောပေါက်မှုရှိနေခြင်းဖြစ်ပါတယ်။ အခုဘာတွေစဉ်းစားနေသလဲ။ ဘယ်လိုစိတ်ခံစားချက်တွေဖြစ်နေသလဲဆိုတာကို ပစ္စုပ္ပန်နဲ့ယှဉ်ပြီးသိနေခြင်းဖြစ်ပါတယ်။
Subconscious Mind ရဲ့သဘာဝကတော့ ပြီးခဲ့တဲ့အတွေ့အကြုံ၊ မှတ်ဉာဏ်ထဲမှာ ရှိခဲ့၊ သင်ကြားခဲ့တဲ့အရာတွေပေါ်မှာ သတင်းအချက်အလက်ပြန်ယူလေ့ရှိပါတယ်။ အခုကိုယ့်စိတ်တွေဘာဖြစ်နေသလဲဆိုတာကို သိသလိုလိုရှိပေမယ့် ဘယ်လိုကိုင်တွယ်ရမှန်းမသိတဲ့အခြေအနေမျိုးမှာရှိနေပါတယ်။ ဒါပေမယ့် Conscious Mind အဖြစ်ပြောင်းဖို့အတွက်တော့ အရမ်းလွယ်ကူတဲ့အနေအထားမှာရှိနေပါတယ်။
နောက်ဆုံးအလွှာဖြစ်တဲ့ Unconscious Mind မှာက ရုတ်တရက်တုံ့ပြန်မှုတွေ၊ စိတ်လိုက်မာန်ပါအပြုအမူတွေလုပ်တတ်တဲ့သဘာဝရှိပါတယ်။ ဒီ့အပြင် အခုကိုယ့်စိတ်ဘာတွေဖြစ်နေတယ်ဆိုတာကိုလည်း သိနိုင်စွမ်းမရှိဘူး။ မှတ်ဉာဏ် (Memory) ထဲမှာပဲနေတတ်တယ်။ လက်တွေ့ကျကျမပြုမူနိုင်ဘူး။ စိတ်ကူးယဉ်ဆန်ဆန်နေတတ်တယ်။ စိတ်ညစ်ပြီး စိတ်ခံစားချက်၊ အတွေ့အကြုံနဲ့တွေနဲ့ပဲနေထိုင်တတ်ကြပါတယ်။ ဥပမာ ကားမောင်းနေရင်း နောက်ကြည့်မှန်ကိုမကြည့်မိဘဲ (သတိလက်လွတ်နဲ့) ယာဉ်လမ်းကြောင်းပြောင်းလိုက်မိခြင်း။ သတိမကပ်ဘဲလုပ်လိုက်မိတဲ့အတွက် ယာဉ်တိုက်မှုများဖြစ်ခဲ့ရင် အတော်ရင်လေးစရာကောင်းပါတယ်။
နေ့စဉ်နဲ့အမျှ မိုးလင်းကနေမိုးချုပ် စိတ်တွေကိုကြည့်လိုက်ရင် Conscious Mind နဲ့သွားလာနေထိုင်တာက ၁၀% ၊ Subconscious Mind ၅၀-၆၀% ၊ Unconscious Mind ၃၀-၄၀% နဲ့ နေရာယူနေထိုင်ကြတယ်လို့ ပညာရှင်တွေက ဆိုထားကြပါတယ်။
စိတ်အခြေအနေ (States of Mind)
စိတ်မှာ အလွှာ ၃ လွှာရှိသလို အခြေအနေအားဖြင့် ၄ ခုရှိပါတယ်။
(၁) စဉ်းစားတတ်သောစိတ်အခြေအနေ
(၂) ဝေဖန်အပြစ်တင်တတ်သောစိတ်အခြေအနေ
(၃) အချိတ်အဆက်မိသောစိတ်အခြေအနေ
(၄) အလိုအလျောက်တုံ့ပြန်တတ်သောစိတ်အခြေအနေဆိုပြီး ပညာရှင်များကသတ်မှတ်ထားပါတယ်။
ဒီစိတ်အခြေအနေလေးခုမှာ နှစ်ခုကအကျိုးဖြစ်စေပြီး ကျန်နှစ်ခုကအကျိုးယုတ်စေပါတယ်။
အတွင်းဘက်မှာရှိတဲ့စိတ်အခြေအနေမှာ စဉ်းစားတတ်တဲ့စိတ် (Thinking) နဲ့ ဝေဖန်အပြစ်တင်တတ်သောစိတ် (Critical) နှစ်မျိုးရှိပါတယ်။ ဒီအတွင်းစိတ်ကနေလှမ်းကြည့်ပြီး အပြင်လောကအပေါ်မှာသက်ရောက်မှုရှိစေတဲ့စိတ်အခြေအနေက အချိတ်အဆက်မိသောစိတ် (Engaged) နဲ့ အလိုအလျောက်တုံ့ပြန်တတ်သောစိတ် (Autopilot) ဆိုပြီးနှစ်မျိုးရှိပါတယ်။ အလိုအလျောက်တုံ့ပြန်တယ်ဆိုတာက ကိုယ်ကမသိဘဲနဲ့ ဝုန်းကနဲတုံ့ပြန်လိုက်တာပါ။ တုံ့ပြန်နေတဲ့အချိန်အတွင်းမှာတော့ စိတ်ထဲမှာ "ငါ ဘာလို့ဒီလိုလုပ်မိလိုက်တာလဲ" ဆိုတဲ့ စဉ်းစားဝေဖန်နေခြင်းမရှိပါဘူး။
အပေါ်ကပုံမှာပြထားတဲ့အတိုင်း -
စဉ်းစားတတ်တဲ့စိတ်အခြေအနေ (Thinking) နဲ့ အချိတ်အဆက်မိစေသောစိတ်အခြေအနေ (Engaged) တို့ပေါင်းစပ်မိရင် ကောင်းကျိုးတွေကိုဖြစ်စေပါတယ်။ (စဉ်းစားတတ်မယ်။ အပြင်နဲ့အချိတ်အဆက်မိမယ်ဆိုရင် အပြုသဘောဆောင်တဲ့အပြုအမူတွေလုပ်ဖြစ်မယ်။ စီးပွားဖြစ်မယ်။ ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့အကျိုးကျေးဇူးကိုရရှိစေပါတယ်။)
ဝေဖန်အပြစ်တင်တတ်တဲ့စိတ်အခြေအနေ (Critical) နဲ့ အလိုအလျောက်တုံ့ပြန်တတ်သောစိတ်အခြေအနေ (Autopilot) တို့ပေါင်းစပ်မိရင်တော့ ဆိုးကျိုးတွေကိုဖြစ်စေပါတယ်။ (အတွင်းစိတ်က ဝေဖန်သုံးသပ်နေမယ်။ လူတွေကို judging လုပ်နေမယ်။ ဖြစ်လာတဲ့အခြေအနေတွေကို အလိုအလျောက်တုံ့ပြန်နေမယ် (ဥပမာ ဒေါသထွက်နေမယ်) ဆိုရင် ကျရောက်တဲ့အရာတွေက အကျိုးမရှိတဲ့အပြင် မိမိအတွက်ရော သူတစ်ပါးအတွက်ပါ ရင်နာစေတဲ့ဆိုးကျိုးတွေကို သယ်ဆောင်လာပါလိမ့်မယ်။)
တကယ့်အဖြစ်အပျက်နဲ့ထွင်ထားသောဇာတ်လမ်း
စိတ်ကိုကြည့်တော့မယ်ဆိုရင် What Happened ဘာဖြစ်တာလဲဆိုတဲ့တကယ့်အဖြစ်အပျက်နဲ့ Story ဆိုတဲ့ ကိုယ်ဖန်တီးလိုက်တဲ့ဇာတ်လမ်းကို ကွဲပြားအောင်၊ မြင်အောင်ကြည့်တတ်ဖို့အရေးကြီးပါတယ်။
ကိုယ်က ဘယ်အကြောင်းအရာအပေါ်မှာ story ခင်းနေသလဲ။ စီးပွားရေး၊ ပိုက်ဆံ၊ အလုပ်အကိုင် မိဘ၊ မောင်နှမနဲ့ပတ်သက်ပြီးတော့လား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် story ပြန်ခင်းနေတာလား။ ကွဲပြားအောင်မကြည့်တတ်ရင် "တကယ့်အဖြစ်အပျက်က ဘာလဲ။ ဒီအကြောင်းအရာအပေါ်မှာ ငါဘာတွေတွေးနေလဲ။ ဘယ်လိုမြင်သလဲ" ဆိုတာတွေအကုန်လုံးကို စာရွက်မှာချရေးပါ။ ခေါင်းထဲမှာမသိမ်းထားပါနဲ့။ ကိုယ့်ကိုစိတ်ပင်ပန်းနေစေတာက What Happened လား။ Story လားဆိုတာကို ကွဲကွဲပြားပြားမြင်လာပါလိမ့်မယ်။
Story ထဲမှာနေနေရင် ဘာပြဿနာမှဖြေရှင်းလို့မရသလို လိုချင်တဲ့ဘဝကိုလည်းမရပါဘူး။ ကိုယ်လိုချင်တဲ့ဘဝကိုရောက်ချင်ရင် What Happened တကယ့်အဖြစ်အပျက်ကိုပဲကြည့်ပါ။ လိုချင်တာရဖို့ လိုအပ်နေတဲ့ Being ထည့်ပြီးဖန်တီးလုပ်ကိုင်မယ်ဆိုရင် အောင်မြင်လာပါလိမ့်မယ်။
စိတ်ရဲ့မှတ်ဉာဏ်
စိတ်၊ ခန္ဓာကိုယ်၊ ခံစားချက်၊ မှတ်ဉာဏ် (Memory) တွေရှိမှ လူတွေအသက်ရှင်နိုင်တာဖြစ်လို့ စိတ်ရှိနေသရွေ့ အတွင်းသံကပျောက်သွားမှာမဟုတ်ပါဘူး။ စိတ်မှာရှိတဲ့ Memory မှတ်ဉာဏ်ရဲ့သဘာဝက အနုတ်သဘော negative တွေးတတ်ရင် negative ကိုပဲထပ်တလဲလဲတွေးလေ့တွေးကျင့်ရှိပါတယ်။ ဒါဆို negative တွေးတတ်တဲ့အကျင့်ကို ဘယ်လိုဖယ်ထုတ်မလဲ။ အကောင်းဆုံးနည်းကတော့ negative တွေတွေးနေလို့ ငါကတော့ စိတ်ပုပ်စိတ်ယုတ်ရှိတဲ့သူပါလားလို့ မတွက်ပါနဲ့။ ငါ negative တွေးနေပါလားလို့ပဲ သိပေးလိုက်ပါ။ အမြဲစောင့်ကြည့်နေပြီး သတိထားမိတိုင်းမှာ အသိအမှတ်ပြုပေးလိုက်ပါ။ အပြုသဘောဆောင်တဲ့ positive အတွေးတွေကို ပြောင်းတွေးပေးနိုင်ရင် တွေးပေးပါ။ မတွေးပေးနိုင်ရင်လည်း အတင်းမလုပ်ယူပါနဲ့။ ပေါ်လာတဲ့ negative အတွေးတွေကိုပဲ "ငါတွေးနေတာပဲ။ တွေးနေပါလား" လို့ သိပေးလိုက်ပါ။
Negative တွေးတတ်တာ လူ့သဘာဝ (Human Nature) ပါ။ ဒီလိုတွေးလိုက်လို့ မကောင်းတဲ့သူဖြစ်သွားတာမဟုတ်ပါဘူး။ အတွေးကနေ တကယ့်အပြုအမူတွေမလုပ်မိအောင် စိတ်ထဲကနေအသိအမှတ်ပြုပေးလိုက်ရင် negative အတွေးတွေတဖြည်းဖြည်းမှေးမှိန်လာပြီး တွေးတတ်တဲ့အကျင့်ပျောက်သွားပါလိမ့်မယ်။
အကျဉ်းချုပ်
စိတ်ကတစ်ခုခုကိုတွေးလိုက်ပြီဆိုရင်း အပေါင်းနဲ့အမြှောက်သာရှိပြီး အနုတ်နဲ့အစားမရှိပါဘူး။ ဒါ့ကြောင့် အတွေးကိုဖယ်ရှားပစ်ဖို့မလွယ်သလို ဖျက်စီးပစ်လို့လည်းမရပါဘူး။ မတွေးပါနဲ့... မတွေးပါဘူးဆိုရင် ချုပ်ကိုင်သလိုဖြစ်တာကြောင့် ပိုပြီးမတွေးချင်တဲ့အရာတွေကို တွေးမိ၊ တွေးစေပါတယ်။ တွေးနေခြင်းသည် တစ်ခုခုကိုအကောင်အထည်ဖော်နေခြင်းမဟုတ်ပါ။ တွေးနေခြင်းသက်သက်သာဖြစ်လို့ အပြင်လောကရဲ့တကယ့်အဖြစ်အပျက်နဲ့ တခြားစီဖြစ်နေတတ်ပါတယ်။ စိတ်အတွေးဆိုတာ စွပ်စွဲခြင်း၊ ထင်မှားခြင်း၊ ဝေဖန်သုံးသပ်ခြင်း၊ ကောက်ချက်ချခြင်း၊ အကြောင်းပြခြင်းအလုပ်ကိုပဲလုပ်သလို အရှိကိုအရှိအတိုင်း မမြင်မကြည့်တဲ့သဘောဆောင်ပါတယ်။
အတွေးတွေကိုကိုင်တွယ်ပုံကတော့ တွေးသမျှကိုလက်ခံပါ။ ကောင်းတယ်ဆိုးတယ် မဝေဖန်ပါနဲ့။ မိမိတွေးနေတာသည် မိမိမဟုတ်ဟုခံယူထားပါ။ စိတ်သည်စိတ်၊ မိမိကမိမိလို့ ခွဲခြားထားပါ။ မိမိတွေးသမျှသည် ကောင်းနေရင် ရင်ထဲမှာစိတ်ချမ်းမြေ့ခြင်းခံစားရမယ်။ မိမိအတွေးမကောင်းရင် ရင်ထဲမှာစိတ်ညစ်မယ်ဆိုတာ ခွဲခြားစိတ်ဖြာပြီးသိပေးပါ။ စိတ်အတွေးနဲ့စိတ်ခံစားချက်က လက်ဖဝါးနဲ့လက်ဖမိုးလိုပဲဆိုတာမမေ့ပါနဲ့။
အပြင်မှာရှိတဲ့အာရုံငါးပါးအပေါ်မှာ တွေးတဲ့ပုံ မမှန်ဘူး၊ ကြားတဲ့ပုံ မမှန်ဘူးဆိုရင် စိတ်ခံစားချက်တွေဖြစ်လာတယ်။ ဒေါသဆိုတဲ့ခံစားချက်ဖြစ်လို့ ဒေါသအလျောက်တုံ့ပြန်လိုက်မယ်ဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိမလဲစသဖြင့် လျှပ်တပြက်အတွင်းမှာဖြစ်လာတဲ့ အတွေးနဲ့အပြုအမူကိုသတိထားကြည့်ပါ။ အတွေးရဲ့အဆင့်ဆင့်အလုပ်လုပ်ပုံတွေကတော့ -
- မြင်လိုက်တာနဲ့ တွေးလိုက်ပြီ။
- Story ခင်းလိုက်ပြီ။
- Story နောက်မှာ ချက်ချင်းပဲခံစားချက်လိုက်ပြီ။
- နောက်ဆက်တွဲတုံ့ပြန်မှုတွေလုပ်ပြီ။
- ကိုယ့်ကိုယ်ကိုယ်စိတ်မချမ်းသာသလို သူများကိုလည်းစိတ်မချမ်းသာမှုဖြစ်စေတယ်ဆိုတဲ့အကျိုးသက်ရောက်မှု (impact) ဖြစ်စေတယ်။
ဒါတွေအားလုံးက စတွေးလိုက်တာနဲ့ လျှပ်တပြက်အတွင်းမှာဖြစ်သွားတာပါ။ နောက်ဆုံး impact အထိမရောက်အောင် story ခင်းတဲ့အဆင့်မှာ သတိထားမိဖို့လိုပါတယ်။ Story ခင်းလိုက်မိတယ်၊ လွတ်သွားတယ်ဆိုရင် "ငါတော့ story တွေခင်းနေပြီ" ဆိုပြီး ခံစားတဲ့အဆင့်နဲ့ တုံ့ပြန်မှုလုပ်တဲ့အဆင့်တွေမှာ သတိထားလိုက်မယ်ဆိုရင် ကိုယ့်ရဲ့လုပ်ဆောင်မှုတိုင်းက စိတ်ကျေနပ်စရာကောင်းလာပါလိမ့်မယ်။
Thida Aung
Mar 8, 2022 (Tuesday)