လူတွေကို upset ဖြစ်စေသော (စိတ်ပျက်သွားစေသော) အရာ ၃ ခု ရှိပါတယ်။
1. Undelivered Communication
တစ်ဦးနဲ့တစ်ဦးကြားမှာ ပြောချင်တဲ့စကားကိုမပြောဘဲ သိမ်းထားခြင်း၊ ကြားချင်တဲ့စကားကိုလည်း တောင်းဆိုမှုမပြုခြင်း။
2. Expectation
အရာတစ်ခုအပေါ် မျှော်လင့်ထားခြင်း။
3. Thwarted Intention
ရည်မှန်းထားသောအရာတစ်ခုဖြစ်ခါနီးကျမှ အကြောင်းတစ်ခုခုကြောင့်ပျက်စီးရခြင်း။
Undelivered Communication
လွန်ခဲ့တဲ့ ၆ လလောက်က ကျွန်မနဲ့သားလေးရဲ့ဆက်ဆံရေးမှာ တစ်ခုခုလိုနေသလိုခံစားရပါတယ်။ သားကကိုယ့်အပေါ် အရမ်းကောင်းတာကိုလည်းသိပါတယ်။ ကိုယ်ကလည်းအမေဆိုတော့ သားအပေါ်လိုလေသေးမရှိ ပြုစုချက်ပြုတ်ကျွေးမွေးပါတယ်။ ဒါပေမယ့် သူနဲ့ပြောဆိုဆက်ဆံတိုင်းမှာ သားဖြစ်ပေမယ့် အမေအပေါ်လွှမ်းမိုးနေတယ်လို့ခံစားရပါတယ်။ နောက်ဆုံးတော့ ကျွန်မကိုယ့်ကိုယ်ကိုယ်မေးခွန်းမေးတယ်။ “ငါ သားဆီကဘာလိုချင်တာလဲ။” အဖြေထွက်လာတာကတော့ သားရဲ့ချီးမွမ်းတာကိုခံချင်တာပါ။
ဒါနဲ့ပဲ “သားရေ… အမေပြောစရာရှိလို့ ခဏလာထိုင်ပါဦး” လို့ အနားခေါ်လိုက်ပါတယ်။ သားကိုကျွန်မစိတ်ထဲရှိတာတွေ အကုန်ပြောပြလိုက်တယ်။ “အမေတို့အိမ်တွေဆောက်ကြတုန်းက မနက် ၇ နာရီနိုးတာနဲ့ အမေ ဆိုက်ထဲပြေး၊ အလုပ်သမားတွေကိုကြီးကြပ်အလုပ်လုပ်၊ အလုပ်နဲ့အိမ် ကားအဝေးကြီးမောင်းရလို့ပင်ပန်းပေမယ့်လည်း အမေပျော်တယ်။ ဒါပေမယ့် အိမ်တွေအားလုံးရောင်းလို့ပြီးသွားတာတောင် သားဆီက အမေလုပ်တဲ့အလုပ်ပေါ်မှာ အသိအမှတ်ပြုပေးသံမကြားရသေးလို့ အခုအမေဖွင့်ပြောတာ။ သားရဲ့ချီးကျူးတာကိုခံချင်လို့။”
ကျွန်မစိတ်ထဲရှိတာဖွင့်ပြောလိုက်ပြီးတဲ့အခါမှာ သားအပေါ်မှာရှိနေတဲ့ အမြင်မကြည်တဲ့စိတ်လေးတစ်ခုပျောက်သွားတာကိုလည်း သတိထားမိပါတယ်။ သားကိုလည်း “အမေ့ကို ချီးကျူးတဲ့စကားလေးပြောပေးပါ”ဆိုပြီး တောင်းဆိုလိုက်တယ်။ သားကပြောပါတယ်။ “ကျေးဇူးပါ မေမေ။ မေမေ ဒီအလုပ်တွေကိုသေချာအာရုံစိုက်ပြီးလုပ်ခဲ့တာ သားသိပါတယ်။ သားဆိုလှည့်တောင်မကြည့်ရဘူး။ မေမေက အိမ်ဒီဇိုင်းလုပ်တာလည်းသိပ်ကောင်းတယ်။ သားသဘောပေါက်ပါတယ်။ သားဆိုလည်း မေမေ့လိုခံစားရမှာပဲ။ ပွင့်ပွင့်လင်းလင်းထုတ်ပြောပေးလို့ ကျေးဇူးပါမေမေ”လို့ သားကပြောပါတယ်။
အဲ့ဒီနေ့ကစပြီး ကျွန်မဘာလုပ်လုပ် သားကကျွန်မအပေါ်မချီးကျူးလည်း ကျွန်မဘယ်လိုမှမခံစားရတော့သလို တခြားသူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာလည်း ကိုယ့်စိတ်ကိုပိုပြီးသတိထားမိလာပါတယ်။ တကယ်တော့ အိမ်ဆောက်တဲ့ project မှာ သားအမိနှစ်ယောက်လုံး ပင်ပန်းကြပါတယ်။ ကျွန်မရဲ့အကျင့်က တစ်ဖက်သားအပေါ်အမြဲအသိအမှတ်ပြုချီးကျူးတတ်သလို ကျွန်မကိုချီးကျူးတာလည်း လိုချင်တဲ့စိတ်ရှိတယ်ဆိုတာကို သိလိုက်ရပါတယ်။ ပြီးတော့ အဲ့ဒီစိတ်ရှိတာကလည်း အပြစ်တစ်ခုမဟုတ်ပါဘူး။
Expectation
အရင်တုန်းက ကျွန်မမှာ expectation (မျှော်လင့်ထားတာမျိုး) မရှိဘူးလို့ထင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မစကားပြောလိုက်တိုင်းမှာ “ကျွန်မက အရမ်းကူညီတတ်တယ်။ လူတွေဆီက ဘာမှမမျှော်လင့်ဘူးနော်”ဆိုတာက ထပ်ခါတလဲလဲပြောမိတာကို သတိထားမိလာတယ်။ တကယ်တော့ အရာရာတိုင်းအပေါ်မှာ expectation ထားပြီး အလုပ်လုပ်တယ်ဆိုတာကို ကျွန်မတွေ့လိုက်ရပါတယ်။
ကျွန်မရဲ့အကြီးမားဆုံးသော expectation ကတော့ တစ်ချိန်ကကျွန်မကူညီခဲ့တဲ့လူတွေက ကျွန်မကိုပြန်ကူညီကြမှာပဲဆိုတဲ့ မျှော်လင့်ချက်ပါ။ အဆင်မပြေဖြစ်တဲ့အခါဆိုရင် ပိုဆိုးပါတယ်။ ကိုယ်ကူညီပေးခဲ့ဖူးတဲ့လူတွေအကြောင်းစဉ်းစားမိရင် စိတ်ဆိုးရတယ်။ ဒေါသဖြစ်ရတယ်။ ကူညီပြီးတိုင်းလည်း စိတ်ညစ်မှုတွေနဲ့ ကြုံတာတွေ့ရတယ်။
စိတ်ညစ်မှုတွေက ကျွန်မရဲ့အသံတိုးတိုးလေးတွေကနေလာပါတယ်။ သူတို့ငါ့ကိုကူညီသင့်တယ်။ သူတို့ဒီလိုကျေးဇူးမကန်းသင့်ဘူး။ ငါဒီလိုလူတွေကို ရှောင်သင့်တယ်။ နောက်နောင်မှာ လူတွေကိုငါမကူညီသင့်ဘူး။ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတဲ့ အသံတိုးတိုးလေးရဲ့ဝေဖန်အပြစ်တင်သံတွေကြောင့် ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်မိတယ်။ “ဘာပဲလုပ်လုပ် ပျော်ရွှင်ချင်တယ်ဆိုရင် (အထူးသဖြင့် သူများကိုအကူအညီပေးတဲ့အခါမှာ) ငါ ဘာလုပ်ရမလဲ။”
ကျွန်မရဲ့အဖြေကတော့… “Give up expectation” မျှော်လင့်ချက်ထားခြင်းကို စွန့်လွှတ်လိုက်ပါ။ ကိုယ်ကသူများကိုကူညီချင်လို့ အကူအညီပေးတာ… ဒါကကိုယ့်အပိုင်း၊ သူတို့ဘက်က ကိုယ့်ကိုပြန်ပြီးကူညီတာမကူညီတာက သူတို့အပိုင်းလို့ ခွဲခြားထားလိုက်တော့ ကျွန်မစိတ်ချမ်းမြေ့မှုနဲ့ပျော်ရွှင်မှုတွေကို ချက်ချင်းပဲခံစားရပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ ကျွန်မဘယ်အရာကိုပဲလုပ်လုပ် ပိုပြီးထိရောက်မှုရှိလာခဲ့ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့အပြုအမူတွေအပေါ်မှာလည်း ပီတိခံစားရပါတယ်။ ကျွန်မအကူအညီပေးဖူးသူတွေက အစ်မကိုကျေးဇူးဆပ်ချင်လိုက်တာလို့ပြောလာရင်လည်း ကျွန်မက “အစ်မကို ကျေးဇူးဆပ်ချင်ရင် အစ်မကူညီသလို သူများကိုကူညီပါ”လို့ ပြောလိုက်ပါတယ်။ မျှော်လင့်ချက်မပါတဲ့ကူညီခြင်းနဲ့ ကူညီပါ။
Thwarted Intention
မှတ်မိသေးတယ်။ ကျွန်မဆယ်တန်းအောင်ပြီးကောလိပ်တက်ဖို့အတွက် တောင်ကြီးကောလိပ်ကို သူငယ်ချင်းတွေနဲ့အတူတူလိုက်သွားပြီး ဖောင်ဖြည့်တာတွေလုပ်၊ ကျွန်မက ရွှေညောင်မြို့ကနေကျောင်းတက်ရမှာဆိုတော့ ကားစီစဉ်ရမလား၊ ဒါမှဟုတ် အဆောင်မှာနေရမလားဆိုပြီး စိတ်ကူးတွေယဉ်ခဲ့ပါတယ်။ ကောလိပ်ကျောင်းသူဖြစ်ဖို့ ရည်မှန်းချက်တွေအပြည့်နဲ့ စိတ်တွေလှုပ်ရှားပြီးပျော်နေတာပေါ့။
ကျောင်းဖွင့်ဖို့ ၁၅ ရက်အလိုမှာ ဖေဖေ့ဆီမှာကျောင်းစရိတ်သွားတောင်းခဲ့ပါတယ်။ ဖေဖေက “သမီးကို ဘယ်သူကကျောင်းဆက်တက်ရမယ်ပြောလဲ။ ဖေဖေ သမီးကိုကျောင်းဆက်မထားနိုင်ဘူး။ အလုပ်ထွက်လုပ်ပြီး ဝင်ငွေရှာရမယ်”လို့ ဖေဖေကပြောပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မရဲ့အသံတိုးတိုးလေးက “ငါ့ဘဝမှာ ငါလိုချင်တာမရနိုင်ပါလား။ သူငယ်ချင်းတွေကတော့ ငါ့ကိုပြောတော့မှာပဲ။ ရှက်စရာကြီး” ဆိုပြီး စိတ်ပျက်သွားတယ်။
နောက်ပိုင်းတွေမှာလည်း ဒီအဖြစ်အပျက်နဲ့ဆင်တူရိုးမှားအဖြစ်မျိုးနဲ့ကြုံတိုင်း ကျွန်မအမြဲစိတ်ညစ်ရပါတယ်။ ဖြစ်လာမှာ၊ ရလာမှာလည်းမဟုတ်ပါဘူးဆိုပြီး ကြိုးစားချင်စိတ်တွေပျောက်ခဲ့ပါတယ်။ ငါဒီလိုဖြစ်နေပါလားလို့ သတိထားမိတဲ့နောက်ပိုင်းမှာ ကျွန်မသိပ်စိတ်မပျက်တတ်တော့ပါဘူး။ ကျွန်မရည်မှန်းထားတာရခဲ့ရင် အသိအမှတ်ပြုတယ်။ ပြီးရင် ကျွန်မပျော်တယ်။ ကျွန်မမှန်းထားတာမရခဲ့ရင်လည်း အသိအမှတ်ပြုတယ်။ လိုအပ်ချက်ဘာရှိလဲ စစ်ဆေးတယ်။ ဆက်လုပ်သင့်မလုပ်သင့် ဆွေးနွေးတိုင်ပင်သင့်တဲ့သူနဲ့ တိုင်ပင်တယ်။ Give up လုပ်သင့်ရင်လည်း (စွန့်လွှတ်သင့်ရင်လည်း) လုပ်လိုက်တယ်။ အကျိုးကျေးဇူးကတော့ နေ့စဉ်လှုပ်ရှားသွားလာနေထိုင်တဲ့အခါမှာ စိတ်အေးချမ်းမှုရှိနေတာကိုတွေ့လာရပါတယ်။
မှတ်ချက်
ကောလိပ်တက်ချင်တဲ့အကြောင်း ရယ်စရာအဖြစ်ပြောရမယ်ဆိုရင် တကယ်တမ်းဆန်းစစ်ကြည့်လိုက်တော့လည်း ကျွန်မကစာထပ်သင်ရမှာ စိတ်မဝင်စားဘူး။ ငယ်ရွယ်သူဆိုတော့ သူငယ်ချင်းတွေလုပ်တာလိုက်လုပ်ချင်ရုံသက်သက်ပါ။
Thida Aung
Jan 26, 2020 (Sunday)