ရှားပါးသောစိတ်ဖြင့်နေထိုင်ခြင်းမှ ရုန်းထွက်ခြင်း

Nov 22, 2020
Inner Well-Being

Living with a scarcity mindset!

လူတွေအတော်များများရဲ့မသိစိတ်မှာ ရှားပါးတဲ့စိတ်နဲ့နေထိုင်နေကြပါတယ်။ ဒါကိုသိထားခြင်းအားဖြင့် ရှားပါးတဲ့စိတ်ကနေ ပေါများတဲ့စိတ်ကို ဘယ်လိုဖန်တီးယူမလဲဆိုတာကိုပြောပြထားပါတယ်။

ရှားပါးတဲ့စိတ်ရှိတာ ကောင်းတယ်မကောင်းတယ်နဲ့မဆိုင်ပါဘူး။ ရှားပါးတဲ့စိတ်ရှိရင် ဘဝမှာအခက်အခဲတွေ အနည်းနဲ့အများကြုံရတတ်တယ်။ မလုံလောက်ဘူးဆိုတဲ့စိုးရိမ်စိတ်၊ ဒီ့ထက်ပိုရှာမှဖြစ်မယ်၊ မလုံလောက်ခဲ့ရင်ဆိုတဲ့ စိတ်နဲ့ ကိုယ့်ရဲ့ being ကတည်ရှိနေတဲ့အတွက် ဘဝမှာရှေ့ဆက်တက်ဖို့ ကြောက်စိတ် (fear) တွေဖြစ်နေတတ်တယ်။ ကြောင့်ကြစိတ် (stress) တွေများမယ်။ စိုးရိမ်စိတ် (anxiety) တွေရှိနေမယ်။

ဒါဆို ဒီရှားပါးနွမ်းပါးတဲ့စိတ်က ဘယ်ကလာတာလဲ။

သေချာတာကတော့ ဒီစိတ်ကမွေးရာပါမဟုတ်ပါဘူး။ မိသားစု၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်ကပြောဆိုသတ်မှတ်ချက်တွေကနေကြားပြီး "ဟုတ်မှာပဲ" လို့လက်ခံပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။

ရှားပါးနွမ်းပါးသောစိတ်ရှိရင် ဘယ်လိုအကျင့်တွေဖြစ်မလဲ။

(၁) စီးပွားရေးလုပ်ရင် ရေရှည်အကျိုးကိုမကြည့်ဘဲ ရေတိုကိုပဲကြည့်တယ်။ ဥပမာ - ကျွန်မအမျိုးသားက ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်တော့မယ်ဆိုရင် ကျွန်မကကန့်ကွက်လေ့ရှိပါတယ်။ ကိုယ့်မျက်စိရှေ့မှာငွေထုပ်ကိုမြင်နေရမှ စိတ်အေးတယ်လို့ခံစားရလို့ပါ။ အမျိုးသားကတော့ ရေရှည်အကျိုးအတွက် ခဏတာချွေတာသုံးပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ပေါများတဲ့စိတ် (abundance mindset) နဲ့သွားတဲ့သူပါ။ ရှားပါးနွမ်းပါးစိတ်ရှိတဲ့ကျွန်မကတော့ ရေရှည်ရင်းနှီးမြှုပ်နှံမှုဆိုတာကြားတာနဲ့ ဝေးဝေးကရှောင်ပါတယ်။ စိတ်မဝင်စားဘူး။ ရေရှည်ထက် ရေတိုကိုပဲကြည့်တဲ့စိတ်မျိုးဖြစ်နေပါတယ်။

(၂) ငါတို့က မလုံလောက်ဘူးဆိုတဲ့ ဝမ်းနည်းတဲ့စိတ်ဖြစ်လေ့ရှိပါတယ်။

(၃) သူတို့တွေကလုပ်နိုင်တယ်၊ ငါကမလုပ်နိုင်ဘူးဆိုတဲ့ သူတစ်ပါးအပေါ် မနာလိုစိတ်လည်း မသိမသာပေါ်လာတတ်ပါတယ်။

ကိုယ်ပိုင်ဝင်ငွေနဲ့ပတ်သက်ပြီး ရှားပါးစိတ်ရှိတဲ့သူက သူ့အလိုလိုခက်ခဲတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရှားပါးစိတ်ရှိသူက ငွေကိုရှားပါးသလိုပဲရှာပြီး ရှားပါးသလိုပဲဆက်ဆံသုံးစွဲနေထိုင်လေ့ရှိတာကြောင့်ပါ။

ပေါများတဲ့စိတ်ရှိတဲ့သူကျတော့ ဆန့်ကျင့်ဘက်ပါ။

(၁) ရေရှည်ကိုကြည့်တယ်။ ရေတိုကိုမကြည့်ဘူး။ ရေရှည်မှာထိုင်စားနိုင်ဖို့ အခုလောလောဆယ်မှာ ချွေတာသုံးမယ်၊ အနစ်နာခံမယ်ဆိုတဲ့စိတ်ရှိပါတယ်။

(၂) ဆုံးရှုံးသွားရင်လည်း ကိစ္စမရှိဘူး။ ရှုံးရာကေနမြတ်အောင် ဘယ်လိုပြန်လုပ်မလဲဆိုတဲ့ အပြုသဘောဆောင်တဲ့အမြင်နဲ့ ငွေရေးကြေးရေးကိုစဉ်းစားတယ်။ အခြေအနေပေါ်တင်မကဘူး လူတွေအပေါ်မှာရော ကိုယ့်ကိုယ်ကိုယ်အပေါ်မှာပါ positive အမြဲစဉ်းစားပါတယ်။

(၃) သူတို့ကိုကြည့်လိုက်ရင် ငွေကြေးအရ အထုပ်အထည်မရှိနေပေမယ့် စားစရာနေစရာတွေ အချိန်မီဖြစ်လာပါတယ်။ သူတို့ဆောက်တည်ထားတဲ့ရေရှည်လုပ်ငန်းတွေကနေ ငွေတွေဝင်နေပါတယ်။

ရှားပါးစိတ်ရှိသူနဲ့ ပေါများစိတ်ရှိသူတို့ရဲ့ မတူညီတဲ့စရိုက်ကွာခြားချက်လေးပါ။

Abundance life, being abundance ပေါများတဲ့စိတ်မျိုးဖြစ်လာအောင် ရှားပါးတဲ့စိတ်ကနေ ဘယ်လိုခွဲထွက်ရမလဲ။

ကျွန်မမိဘတွေက ငွေကြေးဆိုရင် လောလောဆယ်လက်ထဲမှာရှိဖို့ကိုပဲ သင်ပေးခဲ့တာဖြစ်လို့ ရှားပါးတဲ့စိတ်နဲ့ပဲကြီးပြင်းခဲ့ရပါတယ်။ ကိုယ်ကိုယ်တိုင်က ရှားပါးတဲ့စိတ်နဲ့နေနေတယ်ဆိုတာကို မသိရင်၊ သတိမထားမိရင် ပေါများတဲ့စိတ်ကိုဖန်တီးရကောင်းမှန်းလည်း သိမှာမဟုတ်ပါဘူး။

ရှားပါးတဲ့စိတ်ကနေ ပေါများတဲ့စိတ်ကိုဖြစ်လာဖို့ အချက် ၇ ချက်ကိုအခြေခံပြီး လေ့ကျင့်ရပါမယ်။

(1) Creative conversations.

"ငါ့မှာပိုက်ဆံမရှိဘူး" "ပစ္စည်းလည်းမရှိဘူး။" "သူများတွေမှာတော့ ရှိလိုက်တာ" လို့ ညည်းတွားပြောဆိုနေမယ့်အစား ကိုယ်လက်ရှိပိုင်ဆိုင်နေတာတွေ၊ ကိုယ့်မှာရှိတာတွေကို အတိအကျရေးချပါ။ ရေးချပြီးရင် "မွေးတုန်းကဘာမှမရှိပေမယ့် အခု ငါဒါတွေပိုင်ဆိုင်နေပါလား" "ငါ့မှာဒီပစ္စည်းတွေရှိတယ်" "ငါပိုင်ဆိုင်တာက ဒါတွေရှိတယ်"ဆိုပြီး အသိအမှတ်ပြုပါ။

  • ပြီးခဲ့တဲ့အပတ်က ဘာတွေကောင်းတာလုပ်ခဲ့လဲဆိုတာလည်း ရေးချပါ။ အသိအမှတ်ပြုပါ။
  • မိသားစုထဲမှာလည်း အဆင်မပြေတာကိုမပြောဘဲ အဆင်ပြေတာကိုပဲ ပြောဆိုမျှဝေပြီး ပေါများတဲ့စကားဝိုင်းဖြစ်အောင် ပြောင်းလဲဖန်တီးပါ။

(2) Organize your home and your life.

ကိုယ်နေတဲ့အိမ်ကို သေချာပြန်စီစစ်နေရာချထားပါ။

  • "ဝတ်စရာမရှိဘူး" လို့အော်နေမယ့်အစား ဘာအင်္ကျီလေးတွေရှိတယ်။ ဘယ်လိုလေးတွဲဝတ်လို့ရလဲဆိုတာကို တွဲစပ်ကြည့်ပါ။
  • "ငွေမရှိဘူး" လို့ ညည်းညူနေမယ့်အစား ကိုယ့်မှာငွေပြန်ရစရာ၊ ငွေဝင်စရာဘာတွေရှိလဲ သေချာပြန်စဉ်းစားပါ။ ချရေးပါ။

(3) Reduce your media consumption.

သတင်းမီဒီယာတွေကတော့ "ဘယ်သူက မီလျံနာကြီးဖြစ်သွားပြီ" "သူကတော့ ဘာတွေပိုင်ဆိုင်ထားပြီ" စသဖြင့် အကောင်းတွေချည်းပြေနေမှာပဲ။ သူတို့သည်လည်း ကိုယ့်လိုမျိုးဘဝကိုကြိုးစားသွားတာပဲ။ သူတို့ကြိုးစားရုန်းကန်ခဲ့ရတာတွေကိုတော့ ဘယ်ပြောပြပါ့မလဲ။ အခုအောင်မြင်တော့မှ အများရှေ့ချပြတာကိုကြည့်ပြီး ကိုယ့်လက်ရှိဘဝနဲ့နှိုင်းယှဉ်ပြီး အားမလိုအားမရဖြစ်နေစရာမလိုပါဘူး။ မီဒီယာစကားနားယောင်ပြီး ကိုယ့်ကိုယ်ကိုယ်အသုံးမကျဘူး၊ ဆင်းရဲနွမ်းပါးနေတယ်လို့ မတွေးမိပါစေနဲ့။ "ငါ့မှာပေါများတာ ငါပဲသိတယ်" ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်အသိအမှတ်ပြု ရှေ့ဆက်တက်ပါ။

(4) Share what you have with others.

အလှူအတန်းလုပ်တယ်ဆိုတာထက် လူလူချင်းမျှဝေတာကိုဆိုလိုပါတယ်။

  • "ငါ့မှာ ၁၀၀ ရှိတယ်။ ၁၀ လောက် သူ့ကျောင်းလခကိုကူညီပေးလိုက်ရင် သူ့ဘဝတိုးတက်သွားမှာပါလား" ဆိုတဲ့ ပေးကမ်းခြင်း (giving) ကို စလုပ်လိုက်တာမျိုးပါ။
  • ထမင်းဟင်းချက်ကျွေးတာ၊ ဘေးအိမ်ကို ဟင်းတစ်ခွက်ပို့ပေးတာ... သူကလည်း ဟင်းတစ်ခွက်ပြန်လာတာစသဖြင့် ပေါများခြင်းအလေ့အကျင့်ကို ပတ်ဝန်းကျင်နဲ့ဖန်တီးလို့ရပါတယ်။

ကပ်စေးနည်းတယ်ဆိုတာ ငါ့ဆီကကုန်သွားလို့ရှိရင် ဘယ်လိုစားရပါ့မလဲဆိုတဲ့ ရှားပါးတဲ့စိတ်ရှိနေလို့ပါ။ လူဆိုတဲ့အမျိုးက ကပ်စေးမနည်းတတ်ဘူးလို့ပြောရင် အံ့သြသွားမယ်ထင်တယ်။ လူတွေက အရမ်းကိုရက်ရောတတ်ပါတယ်။ ဒါကြောင့် ကိုယ်ကပေါများတဲ့စိတ်ကိုဖန်တီးချင်ရင် ရက်ရောတဲ့အကျင့်ကိုလုပ်ပေးရပါမယ်။ အများကြီးလုပ်စရာမလိုပါဘူး။ အချိန် ၁၀ မိနစ်လောက်ပေးပြီး အမေ့ဆီဖုန်းခေါ်တာ၊ အမေစိတ်ချမ်းသာသွားအောင်လို့။ သူငယ်ချင်းပြောတာကိုနားထောင်ပေးလိုက်တာမျိုး။

Giving ဆိုတာ ငွေကြေးတစ်ခုတည်းကိုမဆိုလိုပါဘူး။ အကြံဉာဏ်၊ အချိန်၊ စိတ်ဝင်စားမှု၊ ခွန်အား၊ ငွေကြေး ဘာပဲဖြစ်ဖြစ် "ပေး" လို့ရပါတယ်။ ပေါများတဲ့စိတ်ကို လေ့ကျင့်ယူလို့ရပါတယ်။

(5) Try to create Win-Win situations.

ကိုယ်တစ်ယောက်တည်းနိုင်ပြီး သူများရှုံးသွားတယ်ဆိုရင် ပေါများတဲ့စိတ်ကနေလာတာမဟုတ်တော့ပါဘူး။

ဥပမာ - ကျွန်မမိတ်ဆွေတွေထဲမှာ ကျွန်မလိုပဲ coaching လုပ်ချင်တယ်။ ဒါပေမယ့် သူတို့ content တွေကို သူများတွေကူးယူသွားမှာလည်းကြောက်ကြောင်း ရင်ဖွင့်လာကြတယ်။ ကျွန်မအနေနဲ့ကတော့ သမုဒ္ဒရာရေ တစ်ယောက်တည်းသောက်လို့မကုန်ဘူးလို့ ပေါများတဲ့စိတ်နဲ့ခံယူထားပါတယ်။

သူများကကူးယူမှာ၊ အတုယူမှာကြောက်တယ်ဆိုတာက ရှားပါးတဲ့စိတ်တစ်မျိုးပါပဲ။ ကိုယ်စဉ်းစားရမှာက သူများကအတုယူတယ်ဆိုကတည်းက ကိုယ်လုပ်နေတာတွေက အတုယူစရာကောင်းလို့ဖြစ်ပါတယ်။ ကူးယူသွားတဲ့သူကိုယ်တိုင်ကလည်း တကယ့်အဆီအနှစ်တွေထည့်နိုင်ဖို့ ကြိုးစားရပါမယ်။ မဟုတ်ရင် သူကအပေါ်ယံသဘောတရားလောက်ကိုသာ ကူးယူနိုင်မယ်။ ကိုယ်တိုင်နားလည်ကျင့်သုံးနေတဲ့သူမဟုတ်တဲ့အတွက် အဆီအနှစ်တွေပေးနိုင်ဖို့တော့ဖြစ်လာမှာမဟုတ်ပါဘူး။ အတုက အတုပဲဖြစ်နေမှာပါ။

ကျွန်မလည်း အရင်ကစိုးရိမ်စိတ်ရှိခဲ့ဖူးပါတယ်။ ငါက နောက်မှရောက်လာတဲ့ coach။ Follower လည်း ဘယ်လောက်မှမရှိသေးဘူး။ Like ကလည်း နည်းနည်းလေးစသဖြင့် တွေးခဲ့ဖူးပါတယ်။ ပြန်စဉ်းစားလိုက်တော့ သန်း ၅၀ ကျော်ရှိတဲ့နိုင်ငံတစ်နိုင်ငံမှာ coach အနေနဲ့လမ်းညွှန်ပေးနေတဲ့သူတွေက လက်ချိုးရေလို့ရတဲ့အထိ အရမ်းနည်းနေပါသေးတယ်။ ဒါကို သူတို့ရှိနေရင် ငါအောင်မြင်ပါ့မလားဆိုတဲ့ ရှားပါးတဲ့စိတ်ကို ကျွန်မစွန့်လွှတ်ခဲ့ပါတယ်။ ကျွန်မပြောပြတဲ့နည်းနာတွေနဲ့အဆင်ပြေတဲ့သူက ကျွန်မကိုနားထောင်လိမ့်မယ်။ တခြား coach နဲ့အဆင်ပြေတဲ့သူက တခြားသူကိုနားထောင်လိမ့်မယ်။ သူတို့အဆင်ပြေတဲ့သူ၊ အလုပ်ဖြစ်တဲ့သူကိုရွေးချယ်သွားလိမ့်မယ်။ သူ့ကိုနှိမ့်ချမှ ကိုယ်အပေါ်ရောက်မယ်ဆိုတဲ့ ရှားပါးတဲ့စိတ်အစား Win-Win situation နဲ့ ရက်ရောတဲ့စိတ်၊ ပေါများတဲ့စိတ်နဲ့နေထိုင်ပါ။

(6) Stop comparing yourself with others.

ကိုယ့်ရလဒ်ကို သူတစ်ပါးရလဒ်နဲ့မနှိုင်းယှဉ်ပါနဲ့။

ကိုယ်လုပ်နိုင်တဲ့အရာကို တစိုက်မတ်မတ်၊ မှန်မှန်လေးလုပ်သွားပါ။ စိတ်ချမ်းသာမှုပါ ရလာပါလိမ့်မယ်။

(7) Keep gratitude.

သေးသေးကြီးကြီး ဘာလေးပဲဖြစ်ဖြစ် ကျေးဇူးတရားကို တန်ဖိုးထားပါ။

တစ်ခါတလေ giving လုပ်တာက သူများတောင်းလို့မဟုတ်ဘဲ ကိုယ်လုပ်ချင်လို့ ကိုယ်ပေးချင်လို့ပေးတာပါ။ ဒါကို ကိုယ်ကကျေးဇူးရှင်ပုံစံမျိုးနဲ့ "ငါကတော့ ပေးလိုက်ရတာ။ ကျေးဇူးတင်တယ်တောင်မပြောဘူး" ဆိုပြီး မျှော်လင့်ချက်နဲ့ပေးခြင်းမျိုး မလုပ်ပါနဲ့။

ကိုယ့်ကို သူများ giving လုပ်ခဲ့တဲ့အရာတွေကို ပြန်တွေးကြည့်ပါ။ ကျေးဇူးတင်လိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်မှာပေါများတဲ့စိတ်တွေဝင်လာပါလိမ့်မယ်။

ရှားပါးတဲ့စိတ်က လူတိုင်းမှာရှိပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ပါလာတာများပါတယ်။ ရှားပါးနွမ်းပါးတဲ့စိတ်က ကိုယ့်ရဲ့ being တွေကို စိုးရိမ်ကြောင့်ကြမှုများစေတဲ့အပြင် negative ဘက်မှာပဲစိတ်ရောက်နေတော့ ဘဝရဲ့တခြားပျော်ရွှင်စရာတွေကိုပါ လစ်ဟာစေပါတယ်။ မသိလို့လုပ်မိတဲ့ မကောင်းတဲ့အကျင့်တစ်ခုလို့ပြောလို့ရပါတယ်။ အပြစ်တင်စရာတော့မဟုတ်ပါဘူး။

ရေရှည်ကိုစဉ်းစားပါ။ စိတ်ထဲမှာ ချမ်းသာကြွယ်ဝမှုကိုထည့်ထားပါ။ ဖန်တီးပါ။ လက်ရှိငွေရှိခြင်းမရှိခြင်းထက် ရေရှည်မှာ ငွေကြေးကိုဘယ်လိုပြန်အလုပ်လုပ်ခိုင်းမလဲဆိုတာကိုတွေးပါ။

ရှားပါးတဲ့စိတ်နဲ့အလုပ်လုပ်ရင် ရှားပါးတဲ့ရလဒ်ကိုပဲ ရပါမယ်။ ပေါများတဲ့စိတ်နဲ့အလုပ်လုပ်မှ ပေါများတဲ့ရလဒ်၊ ပေါများတဲ့ဘဝကို ရလာမှာဖြစ်ပါတယ်။

ကိုယ့်မှာရှားပါးတဲ့စိတ်ရှိမရှိ သုံးသပ်ကြည့်ပါ။ ရှိခဲ့ရင်လည်း အပေါ်ကအချက် ၇ ချက်နဲ့ ပေါများတဲ့စိတ်၊ ပေါများတဲ့အပြုအမူ၊ being abundance ကိုပိုင်ဆိုင်လာအောင် လေ့ကျင့်လို့ရပါတယ်။

Thida Aung

Nov 22, 2020 (Sunday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေလိုက်ပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form