စိတ်အတွေးကိုစောင့်ကြည့်သူ - Mind Watcher

Jun 8, 2022
Inner Well-Being

"မိမိသည်မိမိစိတ်မဟုတ်ပါ" ဟုနားလည်ထားမှသာ မိမိစိတ်ကိုစောင့်ကြည့်လို့ရပါမယ်။ စိတ်ဆိုတာ မိမိဆီခေတ္တခဏလာလည်ခြင်းဖြစ်ပါတယ်။ မြင်တယ်၊ ကြားတယ်၊ အနံ့ရတယ်၊ ထိတွေ့တယ်၊ အရသာရှိတယ်ဆိုတဲ့အာရုံငါးပါးအပေါ် ကြိုက်ခြင်းမကြိုက်ခြင်းဆိုတဲ့စိတ်အမျိုးမျိုး ဖြစ်ပေါ်လာလေ့ရှိပါတယ်။ စိတ်၏ဖြစ်ပွားခြင်းသည် တဒင်္ဂအတွင်းမှာပဲဖြစ်တတ်တယ်။

စိတ်အားလုံးသည် လောကကြီးနဲ့သာသက်ဆိုင်ပြီး မိမိတစ်ဦးတည်းပိုင်တာမဟုတ်ပါ။

စိတ်အတွေးကြောင့် စိတ်ပျော်ရွှင်မှုတွေဖြစ်ရသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ စိတ်ခံစားချက်အမျိုးမျိုးမှာ လူတွေအကြောက်ဆုံးနဲ့မနှစ်သက်ဆုံးက ဒေါသစိတ်နဲ့ ကြောက်ရွံ့စိတ်တို့ဖြစ်တယ်။ ဒေါသစိတ်နဲ့ကြောက်ရွံ့စိတ်တို့က ပြုမူခြင်း၊ အပြုအမူ (Action) တွေကိုပါလာစေတာကြောင့် အပျက်သဘောပါတဲ့အကျိုးသက်ရောက်မှု (Impact) တွေကိုဖြစ်စေပါတယ်။

စိတ်သည် နာကျင်ရမှာသိပ်ကြောက်တယ်။ မိမိရဲ့စိတ်ကြောင့် စိတ်ဝေဒနာခံစားရတာဖြစ်တဲ့အတွက် စိတ်ဝေဒနာကို မိမိရဲ့စိတ်နဲ့ပဲပြန်ကုသလို့ရပါမယ်။ စိတ်ပညာကိုလေ့လာလိုက်စားပြီးသိရှိရတဲ့ဗဟုသုတတွေနဲ့ စိတ်ကိုကုစားဖို့မလွယ်ကူပါဘူး။

မိမိဆီအလည်လာတဲ့စိတ်တွေကို မိမိကသိရှိနားလည်သဘောပေါက်မှသာ မိမိလိုချင်တဲ့စိတ်ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ မိမိဆီလာသမျှစိတ်ကို နေရာတစ်ခုပေးမယ်။ မိတ်ဆွေတစ်ယောက်လိုအထိုက်အလျောက်ဆက်ဆံပေးမှသာ မိမိဆီလာတဲ့စိတ်ကို စီမံနိုင်မှာဖြစ်ပါတယ်။ လာသမျှစိတ်ကို စောင့်ကြည့်၊ အသိအမှတ်ပြု၊ လက်ခံနေခြင်းသည် မိမိအတွက် အဆင်မပြေတဲ့စိတ်တွေကို အလိုအလျောက်ပျောက်ကွယ်သွားစေသလို အဆင်ပြေတဲ့စိတ်တွေကိုလည်း အလိုအလျောက်နေရာဝင်ယူစေပါတယ်။

စိတ်ရဲ့သဘောသဘာဝက -

  • ဖြစ်ပေါ်နေသောစိတ်အပေါ် အပြစ်တင်ခြင်း၊ ဝေဖန်ခြင်း၊ ဖိအားပေးခြင်း၊ ငြင်းပယ်ခြင်း၊ အစားထိုးခြင်းတို့သည် စိတ်ကိုအကျဉ်းအကျပ်ထဲထည့်လိုက်ခြင်းဖြစ်သည်။
  • စိတ်ကိုနေရာပေးခြင်း၊ အသိအမှတ်ပြုခြင်း၊ နားလည်သဘောပေါက်ခြင်း၊ ခွင့်လွှတ်ခြင်း၊ လက်ခံခြင်းတို့သည် စိတ်ကိုလွတ်လပ်မှုပေးခြင်းဖြစ်သည်။

စိတ်ကိုလွတ်လပ်စွာထားမှ မိမိလိုချင်တဲ့စိတ်ချမ်းမြေ့ခြင်းကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။ မိမိဆီလာတဲ့စိတ်ကို စောင့်ကြည့်သူသည် မိမိပဲဖြစ်ပါစေ။

Thida Aung

Jun 8, 2022 (Wednesday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေလိုက်ပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form