စိတ်ဆိုတာ အတွေးလို့လည်းခေါ်ကြသလို စိတ်နဲ့ပတ်သက်ရင် စိတ်အတွေး၊ စိတ်ခံစားချက်လို့ ပြောဆိုသုံးနှုန်းလေ့ရှိပါတယ်။ စိတ်ကိုလူတွေရဲ့ "အတွင်းသံလေး" လို့လည်း နောက်တစ်မျိုးခေါ်လို့ရပါတယ်။ သတိထားကြည့်မယ်ဆိုရင် အတွင်းသံလေးက ကျွန်မတို့ရဲ့နားအနားမှာလာကပ်ပြောနေသလို တွတ်ထိုးပြောဆိုနေတတ်ပါတယ်။ နားထဲမှာ တိုးတိုးလေးတရစပ်ပြောတတ်သလို တစ်ခါတရံအသံတွေက အပြင်ကိုတောင်ထွက်လာတတ်ပါတယ်။
အတွင်းသံက မိုးလင်းကနေမိုးချုပ် မအိပ်မချင်းပြောနေမှာပါ။ မိမိကိုယ်မိမိစကားတွေပြောနေတယ်လို့ထင်ရပေမယ့် တကယ်ကတော့ သူ့အလိုလိုပြောဆိုနေခြင်းပါ။ အတွင်းသံကို မပြောနဲ့ဆိုပြီးရပ်တန့်ခိုင်းလို့မရသလို ထိန်းချုပ်လို့လည်းမရနိုင်ပါဘူး။ အာရုံခြောက်ခုထဲကတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ကျွန်မရဲ့အတွင်းသံကို နမူနာပြောပြရမယ်ဆိုရင် မနက်မိုးလင်းလို့ မျက်နှာသစ်ဖို့မှန်ကြည့်လိုက်တာနဲ့ "ငါ့ဆံပင်တွေမလှတော့ပါလား" "ငါအသက်ကြီးပြီပဲ" "ဒီနေ့အပြင်ထွက်ရင်တော့ ဒီလူတွေနဲ့တိုးဦးမယ်" "လူတွေက ကောင်းကြတာမဟုတ်ဘူး" စသဖြင့် အပျက်သဘောတွေပြောနေမိပါတယ်။ သတိလည်းမထားမိခဲ့ပါဘူး။ တကယ်တမ်းကျတော့ ဒါတွေကမိမိလုပ်နေတာမဟုတ်ဘဲ Autopilot (human mechanism) အရဖြစ်နေတာပါ။ အာရုံငါးခုဖြစ်တဲ့ မြင်ခြင်း၊ ကြားခြင်း၊ ထိခြင်း၊ အရသာခံခြင်း၊ အနံ့ရခြင်းအပေါ်မှာ သူ့အလိုလိုဆက်တိုက်တုံ့ပြန်နေတာပါ။ အရင်ကတော့ ဒီလိုမျိုးကကျွန်မတစ်ယောက်တည်းမှာပဲဖြစ်နေတာလို့ ထင်ခဲ့ဖူးပါတယ်။ နောက်မှသာ သက်ရှိလူသားတိုင်းမှာဖြစ်နေတယ်ဆိုတာကိုသိခဲ့ရတာပါ။
စိတ်အတွေးတိုင်းရဲ့နောက်မှာ စိတ်ခံစားချက်က လက်ဖဝါးနဲ့လက်ဖမိုးလိုပဲ ထပ်ကြပ်မကွာလိုက်ပါတတ်ပါတယ်။ တစ်ဖန် စိတ်ခံစားချက်ရဲ့အနောက်မှာ ပြုမူတုံ့ပြန်မှုတွေပါလာပါတယ်။ ဒါကြောင့် မကောင်းတာတွေးမိရင် မကောင်းတာခံစားပြီး ပြုမူတုံ့ပြန်ဆက်ဆံတဲ့အခါ မချေမငံတွေဖြစ်တတ်ကြပါတယ်။
လူတွေမှာရှိတဲ့စိတ် (အတွင်းသံလေး) ရဲ့သဘာဝက ဝေဖန်အပြစ်တင်တတ်တဲ့သဘောရှိပါတယ်။ မိမိကိုယ်မိမိမကောင်းပြောသလို လောကကြီးအပေါ်မှာလည်း မကောင်းပြောလေ့ရှိပါတယ်။ ဒီ့အပြင် စိတ်အတွေးမှာ အပေါင်းနဲ့အမြှောက်သဘောပဲရှိပါတယ်။ တစ်ခုခုအပေါ်တွေးမိပြီဆိုရင် ကောင်းတာဖြစ်ဖြစ်၊ မကောင်းတာဖြစ်ဖြစ် အတွေးတွေကပွားများကြီးထွားစေတာပဲရှိပါတယ်။ ဒါကြောင့်လည်း မတွေးချင်တဲ့အရာဆိုရင် ပိုပြီးတွေးတတ်ပါတယ်။
စိတ်အတွေးကခြောက်သွေ့တဲ့သဏ္ဍာန်ရှိပြီး ခံစားချက်ကအရည်ရွှမ်းတဲ့သဏ္ဍာန်ရှိတာကြောင့် လူတွေက တွေးလိုက်တာကိုသတိမထားမိကြဘဲ ခံစားချက်ကိုပဲသတိထားမိကြပါတယ်။ ခံစားရတာကိုလည်း ပိုနှစ်သက်တတ်သလို စိတ်ခံစားချက်တွေကလည်း ကြာရှည်တတ်ပါတယ်။
အခုပြောမှာက မိမိကိုယ်မိမိ "စိတ်ရောဂါသည်" လို့ထင်မှတ်၊ သတ်မှတ်နေသူများအတွက်ပါ။
- စိတ်ညစ်နေတယ်။
- စိတ်ထွက်ပေါက်မရဘူး။
- စိတ်တွေရှုပ်ထွေးနေတယ်။
- စိတ်ဓာတ်ကျနေတယ်။
- စိတ်သောကရောက်နေတယ်။
- စိုးရိမ်စိတ်၊ ကြောက်စိတ်တွေရှိနေတယ်လို့ ပြောဆိုနိုင်နေတယ်ဆိုရင် စိတ်ရောဂါရှိနေတာမဟုတ်ပါဘူး။ စိတ်ကိုစိတ်နဲ့ပြန်ကုသလို့ရတဲ့အနေအထားမှာရှိပါတယ်။
စိတ်ရောဂါဆိုတာ ဦးနှောက်မှာ physically ချွတ်ယွင်းချက်ဖြစ်ပြီး စိတ်နဲ့ပတ်သက်လို့ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဝေဖန်သုံးသပ်နိုင်စွမ်းမရှိတော့တဲ့အခြေအနေပါ။ မိမိကိုယ်မိမိ စိတ်ရောဂါသည်လို့ သတ်မှတ်လိုက်ခြင်းကလည်း မိမိရဲ့စိတ်ကိုပြုတ်ကျစေပါတယ်။ ဆေးစားဆေးသောက်တွေလုပ်ခြင်းက မိမိရဲ့ခန္ဓာကိုယ်တစ်နေရာရာမှာ ထိခိုက်တာမျိုးတွေလည်းရှိတတ်ပါတယ်။ တတ်ကျွမ်းနားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ရင်ဖွင့်ရင်လည်း ကောင်းလာနိုင်ပါတယ်။ စိတ်ကိုစိတ်နဲ့ပြန်ကုသတာမျိုးကတော့ အကောင်းဆုံးပါလို့ အကြံပေးချင်ပါတယ်။
ဘဝမှာ ချမ်းမြေ့တဲ့စိတ်ကိုလိုချင်တယ်ဆိုရင် မိမိစိတ်ကိုသိနေမှ မိမိကလိုသလိုပြန်ခိုင်းလို့ရပါလိမ့်မယ်။
- ပထမဆုံးအနေနဲ့ မိမိရဲ့အတွင်းသံ (inner voice) က ဘာတွေပြောနေသလဲဆိုတာကို သတိထားပြီးနားထောင်ကြည့်ပါ။
- Negative တွေပြောနေရင်လည်း negative တွေပြောနေတာပဲဆိုပြီး သတိထားကြည့်၊ အသိအမှတ်ပြုပြီး လက်ခံခြင်းနဲ့စတင်ပါ။
- အတွေးနဲ့ခံစားချက် အတူတူရှိနေတယ်ဆိုတာကို သိလိုက်ပါ။ သိနေပါ။ Body sensation (movement) တွေကိုပါ သတိထားကြည့်ပါ။ သတိပြုပါ။
- နေ့စဉ် တစ်ရက်ကို အသက်ရှုသွင်းရှုထုတ် ၁၅ မိနစ်လောက် မှန်မှန်လုပ်ပေးပါ။
- မိမိမှာ စိတ်ရောဂါမရှိဘူးလို့ အမြဲပြောပေးပါ။
- ဖြစ်ပေါ်လာတဲ့စိတ်အတွေးအပေါ်မှာ ဘာစိတ်ပဲလာလာ အကောင်းအဆိုးမဝေဖန်ပါနဲ့။ လက်ခံပါ။
- စိတ်ဆိုတာ မိမိဆီခဏတဖြုတ်အလည်လာတယ်လို့သာ သဘောထားပေးပါ။
- မိမိစိတ်သည် မိမိမဟုတ်ပါလို့ အမြဲပြောပေးပါ။
အကျိုးရှိမယ်ထင်ပါတယ်။
Thida Aung
Jun 5, 2022 (Sunday)