တကယ့်အဖြစ်အပျက်နဲ့ မိမိထွင်လိုက်သောဇာတ်လမ်း ဘယ်လိုဆက်စပ်မှုရှိသလဲ။
ကျွန်မအသက် ၇ နှစ်လောက်မှာ လမ်းထဲကခွေးကိုက်တာခံခဲ့ဖူးပါတယ်။ အဲ့ဒီခွေးကလည်း ကျွန်မကိုကိုက်ချင်နေတာကြာပြီထင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်ဆက်တိုက် အဒေါ်နဲ့ဈေးဝယ်လိုက်တိုင်း ပြေးထွက်လာပြီးကိုက်ဖို့ကြိုးစားခဲ့တာ။ အဒေါ်ကဈေးခြင်းတောင်းနဲ့ရိုက်ထုတ်လို့သာ ကျွန်မအကိုက်မခံခဲ့ရတာ။
အဲ့နေ့မှာတော့ ခွေးရှိနေတာကိုမေ့ပြီး အဒေါ်ဈေးကပြန်လာတာကိုကြိုဖို့ ခွေးရှိတဲ့အိမ်ရှေ့ကဖြတ်တဲ့အချိန် ကိုယ့်အနားခွေးရောက်လာလို့လှည့်အကြည့်… အနောက်ကနေ ကျွန်မပေါင်ရင်းကိုကိုက်လိုက်တာခံလိုက်ရပါတယ်။ သိပ်မနာပါဘူး။ ပူကနဲ ဖြစ်သွားရုံပါ။ ဒါပေမယ့် ခွေးကိုက်တယ်ဆိုတော့လည်း ကျွန်မအော်ကြီးဟစ်ကျယ်ငိုတာပေါ့လေ။ အနာကတော့ သေးသေးလေးပါ။ ခြစ်ရာလောက်ပဲရှိပါတယ်။ အဘဗေဒင်ဆရာဆီမှာသွားပြီးတော့ အမန်းအမှုတ်တွေလည်းခံခဲ့ရသေးတယ်။ အဲ့ဒီနေ့မှာ လူကြီးတွေရဲ့ဂရုစိုက်မှုနဲ့ နောက်တစ်နေ့ ကျောင်းမသွားနဲ့... အိမ်မှာပဲနေဆိုတဲ့ ဖေဖေရဲ့အမိန့်ကတော့ ကျွန်မကိုကျိတ်ပြီးဝမ်းသာစေခဲ့ပါတယ်။
အဖွားကတော့ "ငါ့မြေးလေး ကံနိမ့်လို့ခွေးကိုက်ခံရတာ။ ငါ့မြေးကျမှ ခွေးကကိုက်ရတယ်လို့။ ခွေးကလည်းအမဲကြီး။ ဘေးအိမ်ကိုသတိထား။ သူတို့က စုန်းတွေဘာတွေလုပ်တယ်ကြားတယ်" စသဖြင့်ပေါ့။
ကျွန်မလည်း အဖွားပြောတဲ့စကားတွေအပေါ်လိုက်ပြီး မသိစိတ်နဲ့ story ခင်းခဲ့ပါတယ်။ အဖွားပြောတာမှန်မှာပဲ။ ငါ့ဘဝကကံဆိုးတယ်။ ငါ့မို့လို့ဖြစ်တာ။ လောကကြီးကကြောက်စရာကြီး။ လူတွေကလည်းကြောက်စရာကြီး စသဖြင့်ပေါ့။
အဲ့ဒီခွေးကိုက်ခံရပြီးတဲ့နောက် ကျွန်မကြောက်တတ်လာတယ်။ ဝမ်းနည်းတတ်လာတယ်။ လုံခြုံမှုမရှိသလိုခံစားရတယ်။ လူတွေကို ဟန်လုပ်ပြီးဆက်ဆံတတ်လာတယ်။ နှစ်ပေါင်းများစွာခံစားခဲ့ရတာပါ။ အခုချိန်မှာ အကိုက်ခံရတဲ့အနာဟောင်းက လုံးဝအရှင်းပျောက်နေပြီး ဘာဆိုဘာမှမခံစားရတော့ပါဘူး။ ဒါပေမယ့် ကျွန်မအခုထိနာကျင်နေရတုန်းပဲ။ ဘယ်ကလာတာလဲဆိုတော့ ကျွန်မရဲ့ story... ကျွန်မထွင်ထားတဲ့ဇာတ်လမ်းကပါ။
တကယ်ဖြစ်ခဲ့တာကဘာလဲဆိုတော့ ကျွန်မခွေးကိုက်ခံခဲ့ရတယ်။ ဒါပဲ။ ကျွန်မကံဆိုးလို့လည်း မဟုတ်ဘူး။ ဘေးအိမ်ကမကောင်းလို့လည်း မဟုတ်ဘူး။ လောကကြီးကကြောက်စရာအတိပြည့်နေလို့လည်း မဟုတ်ဘူး။ တကယ်ဖြစ်သွားတဲ့အဖြစ်အပျက်တစ်ခုကို ကျွန်မဘာသာစိတ်ကြိုက်အဓိပ္ပါယ်ဖွင့်ပြီး story လုပ်ခဲ့မိလို့သာ အခုထိခံစားနေခဲ့ရတယ်ဆိုတာကို ခွဲခြမ်းစိတ်ဖြာသိမြင်ရတဲ့အချိန်မှာတော့ ကျွန်မအလင်းတန်းတစ်ခုမြင်လိုက်ရပါတယ်။
ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေက "နင်ခွေးကိုက်ခံရတယ်ဆို"လို့မေးတိုင်း "ငါကိုက ကံဆိုးတာပါဟယ်"လို့တော့ ဖြေခဲ့ဖူးပါတယ်။
အကျဉ်းချုပ်
ကျွန်မတို့အသက်ရှင်နေသရွေ့ ဘဝမှာအဖြစ်အပျက်တွေတစ်ခုပြီးတစ်ခု ကြုံတွေ့နေရမှာပါ။ ဒါတွေဟာ ရှောင်ကွင်းလို့မရပါဘူး။ အတွေ့အကြုံတစ်ခုဖြစ်တိုင်း story ခင်းပြီးနေမယ်ဆိုရင် ခံစားနေရတဲ့ suffering တွေပဲဖြစ်နေပါလိမ့်မယ်။
Thida Aung
Jan 15, 2020 (Wednesday)