Privacy matters between Lovers.

Jun 9, 2022
Relationship

ချစ်သူနှစ်ဦးကြား "ကိုယ်ပိုင်လွတ်လပ်ခွင့် (Privacy)" ဆိုတာ ဘယ်လိုအရာတွေလို့ယူဆပါသလဲ။

ချစ်သူနှစ်ဦးကြားက Privacy အကြောင်းမပြောခင် လူတစ်ဦးချင်းစီရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်အတိုင်းအတာကို နားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ ချစ်သူဖြစ်ပြီးနောက် တစ်ဦးအပေါ်တစ်ဦး ဘာမလုပ်ရ ညာမလုပ်ရဆိုတဲ့ တစ်ဖက်သားရဲ့စိတ်ကိုချုပ်တည်းလိုက်တဲ့ထိန်းချုပ်မှုတွေမရှိဘူးဆိုရင်တော့ လူလွတ်ဘဝ (မိဘလက်ထက်) မှာကတည်းကရှိထားတဲ့၊ ပါလာပြီးသားနဂိုကိုယ်ပိုင်လွတ်လပ်ခွင့်တွေက ချစ်သူဘဝသမီးရည်းစားတွေကြားကကိုယ်ပိုင်လွတ်လပ်ခွင့်တွေပါပဲ။ ဒါမှမဟုတ်ရင် ဘယ်လိုလွတ်လပ်ခွင့်တွေကိုရယူဖို့နဲ့ပေးကြဖို့ထပ်ဖြည့်ချင်သလဲဆိုတာကို ညှိနှိုင်းကြဖို့ပဲရှိပါတယ်။

ဖုန်း password၊ social media account ရဲ့ password တွေနဲ့ပတ်သက်ပြီး ချစ်သူအတွဲအများစုပြဿနာတက်ကြတာတွေ့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ password တွေ ပေးသိထားသင့်ပါသလား။

Password တွေကိုပေးသိထားဖို့မလိုအပ်ဘူးလို့ထင်ပါတယ်။ ဒီအရာတွေအပေါ်ထိန်းချုပ်ရမှ စိတ်ချမှုရှိမယ်... "အရမ်းချစ်လို့ပါ" "တကယ်ချစ်ရင်တို့" "အချစ်စစ်ပါလို့" ထင်မြင်ယူဆနေရင်တော့ ချစ်ခြင်းမေတ္တာကိုဦးစားပေးရာမရောက်ဘဲ တစ်ဖက်လူအပေါ်ထိန်းချုပ်လိုစိတ်ကိုရှေ့တန်းတင်ထားတာ သိသာထင်ရှားပါတယ်။ အတိတ်မှာဇာတ်လမ်းရှိခဲ့ဖူးသူတွေ၊ မိမိကိုယ်မိမိ သိမ်ငယ်သလိုခံစားနေသူတွေက ဒီလိုအပြုအမူမျိုးတွေလုပ်တတ်ကြပါတယ်။ မလုပ်သင့်တဲ့အရာလို့မြင်ပါတယ်။ ဒီအပြုအမူတွေက ချစ်သူတွေကြားမှာ အနှောင့်အယှက်ဖြစ်စေတာကလွဲလို့ ကောင်းကျိုးဖြစ်စေတဲ့အရာမဟုတ်ပါဘူး။ တစ်ဖက်လူက ဝေမျှချင်တာ၊ မဝေမျှချင်တာ သူရဲ့ကိုယ်ပိုင်ဆန္ဒလို့ပဲမြင်ပါတယ်။

လူတိုင်းမှာ family time, friend time, me time ဆိုတာတွေရှိကြရတယ်။ တချို့အတွဲတွေမှာကျတော့ (ယောက်ျားလေးကပဲဖြစ်ဖြစ်၊ မိန်းကလေးကပဲဖြစ်ဖြစ်) ဟိုမသွားရ ဒီမသွားရဘူး၊ ဟိုလူနဲ့မပေါင်းနဲ့ ဒီလူနဲ့မပေါင်းရဘူးစသဖြင့် ကိုယ့်ဘဝကိုဝင်စွက်ဖက်လာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

လူသားတွေဖြစ်ကြတဲ့အတွက် တစ်ဦးရဲ့စိတ်နဲ့ခန္ဓာကိုယ်၊ ဘဝတွေကို အခြားသူတစ်ဦးကမပိုင်ပါဘူး။ လူတိုင်းက လူသားသဘာဝ လွတ်လပ်ခြင်းခံစားမှုကိုလိုချင်ကြတာပါပဲ။ ဘယ်လောက်ပဲချစ်ပါတယ်ပြောပြော... စိတ်ချမှုမရှိဘဲ ချုပ်ချယ်မှုအောက်မှာရှိနေမယ်၊ စိတ်ကျဉ်းကျပ်မှုထဲရောက်နေမယ်ဆိုရင် ချစ်သူအတွဲတွေအတွက် ကျန်းမာပြီးပျော်ရွှင်စရာကောင်းတဲ့ relationship တွေ ဖြစ်မလာနိုင်ပါဘူး။ ရေရှည်မြဲဖို့မလွယ်ကူသလို ချစ်ခြင်းမေတ္တာတွေ ကုန်ခမ်းပျောက်ကွယ်သွားဖို့လည်းသေချာပါတယ်။ မိမိကချစ်သူအပေါ် ဘာမလုပ်ရ ညာမလုပ်ရအပြုအမူမျိုးဖြစ်လာပြီဆိုရင် မိမိကိုယ်မိမိပြန်လည်ဆန်းစစ်ဖို့လိုအပ်နေပြီလို့ အကြံပြုချင်ပါတယ်။

ကိုယ်ပိုင်လွတ်လပ်ခွင့် (Privacy) ကိုဝင်စွက်ဖက်ရင် ချစ်သူနှစ်ဦးကြား relationship မှာဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကိုပြောပြပေးပါ။

အကျိုးဆက်အနေနဲ့ကတော့ ဆိုးကျိုးတွေပဲရှိပါတယ်။ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုဝင်စွက်ဖက်မိတဲ့အခါ ချစ်သူနှစ်ဦးကြားမှာ -

  • ကြောက်ရွံ့စိတ်နဲ့အတူ အချစ်တွေပျောက်ဆုံးသွားနိုင်ပါတယ်။
  • နာကျည်းမှုတွေဖြစ်လာမယ်။
  • ဟန်ဆောင်လိမ်လည်မှု
  • ဖုံးကွယ်မှု
  • အထင်သေးမှု
  • အပြစ်တင်မှု
  • သံသယ
  • အမုန်းတရား
  • ရွံရှာမှု
  • စက်ဆုတ်မှု
  • စိမ်းကားခြင်းနဲ့ရှောင်ဖယ်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ရေရှည်တွဲလက်မြဲချင်တဲ့ချစ်သူ relationship တွေအတွက် တစ်ယောက်နဲ့တစ်ယောက်ကြား Privacy ကိုလေးစားတတ်ဖို့ အကြံပေးချင်တာကတော့...

Relationship တစ်ခုစတင်တဲ့အခါမှာ -

  • စိတ်ချယုံကြည်မှု (Trust) နဲ့ စတင်ပါ။
  • တစ်ဖက်ကမပြုလုပ်ချင်တဲ့အရာကို အတင်းမတောင်းဆိုပါနဲ့။
  • အဖြစ်အပျက်အမှန်အတိုင်းနဲ့နေထိုင်ပြီး စွပ်စွဲပြောဆိုခြင်းကို ရှောင်ရှားပါ။
  • သံသယရှိလာရင် ထိန်းချုပ်တဲ့အပြုအမူတွေလုပ်မယ့်အစား မိမိခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ။
  • ကိုယ်ရေးကိုယ်တာကိစ္စဆိုတဲ့အတိုင်း လေးစားမှုပေးပါ။
  • ချစ်သူဖြစ်နေလို့ ရင်ထဲရှိတာဖွင့်ပြောရမယ်လို့လည်း မယူဆထားပါနဲ့။
  • တစ်ဖက်လူကဝေမျှချင်စိတ်ပေါ်လာလို့ပြောပြလာရင် သူပြောသလောက်ကိုပဲနားထောင်တတ်တဲ့သူတစ်ဦးဖြစ်အောင် နေထိုင်ပါ။
  • ကြားစကားကို နားမထောင်ပါနဲ့။
  • တစ်ဦးနဲ့တစ်ဦး ဖြည့်ဆည်းဖို့အတွက်နားထောင်ပါ။
  • နှစ်ဦးကြားပြောစရာရှိရင် တဲ့တိုးပြောပါ။
  • ရင်ထဲမှာသိုဝှက်ထားတာတွေ မလုပ်ပါနဲ့။
  • ဟန်မဆောင်ပါနဲ့။
  • သူများရဲ့အတွေ့အကြုံသည် မိမိရဲ့အတွေ့အကြုံမဟုတ်ပါ။
  • လွတ်လပ်ခြင်းနဲ့ပတ်သက်ပြီး ဖိုမသဘာဝမတူညီမှုတွေကိုလေ့လာပါ။

ဒီအကြံဉာဏ်တွေက ချစ်သူနှစ်ဦးကြား တစ်ဦးအပေါ်တစ်ဦးစိတ်ချမှုတွေနဲ့ ရေရှည်ချစ်ကြည်နူးနိုင်ကြဖို့  အကျိုးရှိမယ်ထင်ပါတယ်။

Thida Aung

Jun 9, 2022 (Thursday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကို မျှဝေပေးပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form