ကျွန်မမှာ ဘာလေးပဲဖြစ်လိုက်ဖြစ်လိုက် မိမိကိုယ်မိမိအပြစ်တင်တတ်တာလေးရှိပါတယ်။ အဲ့ဒါကတော့ "ငါတော်တော်အသုံးမကျတာပဲ" (I am useless) ဆိုတဲ့ စကားအသုံးအနှုန်းပါပဲ။ အဲ့ဒီစကားရဲ့အနောက်မှာကပ်ပါလာတဲ့ မိမိရဲ့စိတ်ခံစားချက်ကတော့ ဒေါသဖြစ်လာခြင်း၊ ဝမ်းနည်းခြင်း၊ စက်ဆုပ်ခြင်း၊ မကျေနပ်ခြင်း၊ ရှက်တတ်ခြင်းနဲ့အတူ မိမိရဲ့ဖြစ်တည်မှုသဏ္ဍာန် (Being) ကတော့ သိမ်ငယ်မှုအပြင် self-esteem မိမိကိုယ်မိမိတန်ဖိုးထားခြင်းစွမ်းအင်တွေပါ ကျဆင်းလာတာကိုခံစားမိပါတယ်။
ဒါကြောင့်လည်း လူတွေကြားထဲရောက်ရင် ငါ့ကိုနှိမ်ကြတော့မှာပဲ၊ အနိုင်ယူတော့မှာပဲဆိုတဲ့ ကြောက်စိတ် (fear) တွေ ဖြစ်လာခဲ့ပါတယ်။ ကြောက်စိတ်နဲ့အတူ မိမိကိုယ်မိမိအကာအကွယ်ယူဖို့ (survive လုပ်ဖို့) အနေအထားကိုလည်း လျှပ်တပြက်အတွင်းဖြစ်သွားစေပါတယ်။ မသိစိတ်ထဲမှာ "ငါ့ကိုလူတွေ ခင်ကြ၊ ချစ်ကြတော့မှာမဟုတ်ဘူး" ဆိုပြီး စိုးရိမ်မိတယ်။ လူတွေသိလို့မဖြစ်ပါဘူး။ တစ်ခုခုနဲ့ဖုံးကွယ်မှဖြစ်မယ်ဆိုပြီး အဲ့အခြေအနေမှာ "အတ္တ" ဆိုတဲ့ Identity / Label / Ego / Mask တွေ ဖန်တီးခဲ့ကြတယ်။ အတ္တဆိုတာမကောင်းဘူး၊ အတ္တရှိတဲ့သူဟာ မကောင်းဘူးဆိုပြန်တော့ ဘဝကို ဘယ်လိုနေရာ၊ ဘယ်လိုစိတ်ထားမျိုးနဲ့နေထိုင်ရပါ့မလဲဆိုပြီး ထပ်မံအပြစ်တင်မိပြန်ပါတယ်။
ဇာစ်မြစ်ကိုပြန်ကြည့်တော့ မိမိကိုယ်မိမိပြောခဲ့တဲ့ "ငါတော်တော်အသုံးမကျဘူး" ဆိုတဲ့စကားကနေ အခြေခံလာခဲ့တယ်ဆိုတာကိုသွားတွေ့ပါတယ်။ ဒီစကားအသုံးအနှုန်းက မိမိဆီကို ဘယ်အရွယ်ကတည်းကစရောက်လာသလဲလို့ပြန်ဆန်းစစ်ကြည့်တဲ့အခါ ငယ်ငယ်က မိဘတွေဆူငေါက်တဲ့စကားကနေလာတာကိုတွေ့ရပါတယ်။ မိဘတွေဆူတဲ့အခါထည့်ပြောလေ့ရှိတဲ့စကားကို အမှန်တကယ်လို့ယူဆပြီး မိမိကိုယ်မိမိထင်မြင်ခဲ့မိတာပါ။ တကယ်တော့ မိဘတွေကလည်း ကျွန်မတစ်ဦးတည်းကိုဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိပြောခဲ့တာမျိုးမဟုတ်ပါဘူး။
မှတ်မှတ်ရရ ကျွန်မသုံးတန်းတက်တဲ့နှစ် ရပ်ကွက်ထဲမှာအားကစားပြိုင်ပွဲလုပ်တော့ ပထမဆုံးဝင်ပြိုင်ကစားခဲ့ပါတယ်။ အပ်အပေါက်ထဲကိုအပ်ချည်ထည့်ရတဲ့ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲအထိ ပထမနေရာရခဲ့ပြီး ဗိုလ်လုပွဲမှာ နံပါတ် ၇ ပဲ ချိတ်ခဲ့ပါတယ်။ ပထမဆုမရတဲ့အတွက် ရှက်တဲ့ခံစားချက်ရပြီး မိမိကိုယ်မိမိလည်း ရှက်စိတ်၊ ဒေါသစိတ်တွေနဲ့သတ်မှတ်နေထိုင်ခဲ့ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ သူများတွေနဲ့ယှဉ်ပြီး ကိုယ့်ဘာသာမှတ်ယူထားတဲ့ "ငါအသုံးမကျဘူး" ဆိုတာက သက်သေအထောက်အထားပိုခိုင်လုံလာတာကိုတွေ့ရပါတယ်။
ဒီ "ငါအသုံးမကျဘူး" ဆိုတဲ့စကားလုံးက ကျွန်မဆီမှာရှိနေတာကို မသိခဲ့ပါဘူး။ Blind spot အနေနဲ့ရှိနေတာပါ။ မွေးရာပါအသုံးမကျခြင်းမဟုတ်ပါ။ တကယ်တော့ လူသားတိုင်းကမွေးလာတုန်းကတော့ အမှားအယွင်းမပါခဲ့ပါဘူး။ လူ့အသိုင်းအဝိုင်းကြားကြီးပြင်းလာတဲ့အခါ ကြုံတွေ့လာတဲ့အဖြစ်အပျက်အရာရာအပေါ် နှိုင်းယှဉ်တတ်လာပြီး မိမိကိုယ်မိမိအပြစ်တွေနဲ့နေထိုင်တတ်လာခြင်းပါ။ တစ်နည်းအားဖြင့် ပတ်ဝန်းကျင်ကြောင့် မိမိရဲ့စစ်မှန်မှုတွေပျောက်ဆုံးခဲ့တာဖြစ်သလို မိမိရဲ့စစ်မှန်မှုကိုမရရှိခဲ့ခြင်းကြောင့်လည်း ပတ်ဝန်းကျင်နဲ့ပတ်သက်လာရင် အကောင်းမြင်စိတ်တွေမရှိတာတွေ့ရပါတယ်။
ကျွန်မအတွက်တော့ "ငါတော်တော်အသုံးမကျပါလား" (I am useless) ဆိုတဲ့စကားနဲ့မိမိကိုယ်မိမိသတ်မှတ်ခဲ့တာ (မိမိကဘယ်လိုလူပါဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တာ) ဘဝရဲ့အစအသက် ၈ နှစ်အရွယ်မှာဆိုတာကို ဒီမနက်အိပ်ရာနိုးတော့ breakthrough တစ်ခုအနေနဲ့မြင်လိုက်ရပါတယ်။
Thida Aung
Jul 21, 2022 (Thursday)