What is an inner voice?

Jan 10, 2020
Inner Well-Being

အိပ်ရာနိုးနိုးချင်းဖြစ်တတ်တဲ့ခံစားချက်အကြောင်းရေးတုန်းက ကျွန်မရဲ့ inner voice က “I am useless” ဆိုတာကို ပြောပြခဲ့ပါတယ်။ Inner voice ကို မြန်မာလို “အတွင်းသံ” လို့ခေါ်ပါတယ်။ "Little voice" အသံတိုးတိုးလေးလို့လည်း ခေါ်လို့ရပါတယ်။ လူဖြစ်လာရင် “စိတ်” (Mind) ရှိတယ်။ “အတွေး” (Thought) ရှိတယ်။ ထို့အတူ ကျွန်မအနေနဲ့ကတော့ “inner voice” လည်းရှိတယ်လို့ပြောချင်ပါတယ်။

Inner voice ဆိုတာ ဘာလဲ။

ကျွန်မတို့မှာ အတွင်းသံရှိမရှိသိရအောင် ဘယ်လိုလုပ်မလဲ။ ကျွန်မနဲ့အတူတူ လေ့ကျင့်ခန်းတစ်ခုလုပ်ကြည့်ရအောင်။

မျက်စိ ၃၀ စက္ကန့် မှိတ်ပြီး အတွင်းသံလေးကိုနားထောင်ကြည့်နေပါ။ ၃၀ စက္ကန့်ပြည့်ရင် မျက်စိပြန်ဖွင့်ပါ။ ကျွန်မမေးချင်တာက အတွင်းသံကိုကြားရလား။ ဘာကြားရသလဲ။

ကျွန်မက အဲ့ဒီလိုမေးနေတဲ့အချိန်မှာ စာဖတ်သူတို့က နှုတ်နဲ့ဖွင့်မပြောဘဲ တိုးတိုးလေးရေရွတ်နေတတ်တဲ့... ဥပမာ ဘာ inner voice လဲ။ ဘာမှမကြားရပါလား။ ကားသံတွေဆူတာပဲ ကြားရတယ် စသဖြင့်ပေါ့နော်။ အဲ့ဒီလိုပြောနေတဲ့အသံလေးကို inner voice လို့ ခေါ်ပါတယ်။ အဲ့ဒီအတွင်းသံလေးက လူတိုင်းမှာရှိပြီး မိုးလင်းကနေမိုးချုပ် ကိုယ့်ရဲ့နားနားမှာ အဆက်မပြတ်လာပြောနေပါတယ်။ အမှန်မှာတော့ ကိုယ့်ဟာကိုယ်ပြောနေတာပါ။ ဒီ inner voice က မိုးလင်းလို့အိပ်ရာနိုးတဲ့အချိန်ကစပြီး မိုးချုပ်လို့အိပ်ရာဝင်ပြီးအိပ်ပျော်သွားတဲ့အချိန်ထိ ကျွန်မတို့နဲ့အတူရှိနေမှာပါ။

အတွင်းသံရဲ့သဘာဝနဲ့ negative အကျိုးသက်ရောက်မှု

အတွင်းသံလေးက အမြဲတမ်းလိုလို ဝေဖန်တဲ့စကား၊ ကဲ့ရဲ့ရှုတ်ချတဲ့စကား၊ ချုပ်ချယ်တားမြစ်တဲ့စကား၊ သူများအပေါ်ရောကိုယ့်အပေါ်မှာပါ အပြစ်တင်တတ်တဲ့စကားတွေကိုပြောလေ့ရှိပါတယ်။ ဥပမာအနေနဲ့ ကျွန်မရဲ့ကိုယ်တွေ့တစ်ခုကို ပြောပြချင်ပါတယ်။

တစ်ရက်တော့ ကျွန်မနဲ့ကျွန်မရဲ့ခင်ပွန်း ပိတ်ရက်မှာ အပန်းဖြေမြို့ကိုကားမောင်းထွက်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့နှစ်နှစ်အရွယ်သားလေးကို အဖွားနဲ့အိမ်မှာစိတ်ချစွာထားခဲ့ရတဲ့အတွက်လည်း စိတ်ထဲမှာပေါ့ပါးပြီးလန်းဆန်းနေပါတယ်။ အမျိုးသားက ကားမောင်း၊ ကျွန်မကဘေးကထိုင်စီးပေါ့။ သူ့လက်ကလေးကိုတောင် ကိုင်ထားလိုက်ပါသေးတယ်။ Highway လမ်းတလျှောက်မှာရှိတဲ့ သဘာဝအလှတွေကိုကြည့်ပြီး ကျွန်မရဲ့စိတ်ထဲကြည်နူးနေမိပါတယ်။ ကျွန်မရဲ့မျက်လုံးထဲမှာလည်း တစ်လောကလုံးကသာယာလှပနေပြီး ကြည်လင်တောက်ပနေပါတယ်။

အဲ့ဒီအချိန်မှာ ကျွန်မရဲ့အတွင်းသံလေးက “ငါကံကောင်းလိုက်တာ။ ငါ့ယောက်ျားက ငါ့ကိုတော်တော်ချစ်ပါလား”လို့ပြောနေတာကို သတိထားမိလိုက်ပါတယ်။ သိပ်မကြာပါဘူး။ အတွင်းသံလေးက ဘာထပ်ပြောလဲဆိုတော့ “ငါပျော်နေလို့မဖြစ်ဘူး။ ယောက်ျားကို အလုပ်နဲ့ပတ်သက်ပြီးပြောစရာရှိသေးတယ်။” ဒါနဲ့ပဲ ကျွန်မလည်း ယောက်ျားကို “Babe… return လုပ်ထားတဲ့ customer တွေကို refund ပြန်ပေးရဦးမယ်နော်”လို့ လှမ်းပြောလိုက်ပါတယ်။ (အဲ့ဒီတုန်းက ကျွန်မတို့ online shopping လုပ်ပါတယ်။)

ယောက်ျားကပြန်ပြောတယ်… “စိတ်ပူမနေနဲ့ကွာ။ ငါမနက်ဖြန်လုပ်မှာပေါ့။ ငါအခုဘာမှလုပ်လို့မရဘူးလေ” ဆက်ပြီးတော့လည်း သူကရှင်းပြပြောဆိုနေပါတယ်။ ကျွန်မသတိထားမိလိုက်တာက အဲ့တခဏ ကျွန်မမျက်လုံးထဲမှာ လောကကြီးက မည်းသွားပါတယ်။ စိတ်ထဲမှာ မနှစ်မြို့တာဖြစ်သွားတယ်။ ခန္ဓာကိုယ်ကပါတောင့်တင်းသွားပြီး သူ့ကိုဆုပ်ကိုင်ထားတဲ့လက်ကိုပါ ဖြုတ်ချလိုက်မိပါတယ်။ ပြောင်းလဲသွားတဲ့အပြုအမူတွေကို ကျွန်မသာလျှင်သတိထားမိနေတဲ့အတွက် ကိုယ့်ကိုယ်ကိုမေးခွန်းပြန်ထုတ်ရပါတယ်။ “လောကကြီးက ခုနကပဲသာယာတယ်။ အခုကျတော့ မသာယာတော့ဘူး။ ဘာဖြစ်တာလဲ။ နင့်အတွင်းသံလေးကြောင့်လား သီတာ။ ပြန်ဆန်းစစ်ကြည့်ပါဦး။”

ကျွန်မအဖြေကို တွေ့လိုက်ပါတယ်။ ကျွန်မက ကျွန်ယောကျ်ားပြောနေတာကိုတကယ်နားမထောင်ဘဲ ကျွန်မရဲ့အတွင်းသံကိုပဲ နားထောင်နေခဲ့တာပါ။ “သူ့ကိုပြောရင် ဆင်ခြေပေးပြီ။ ဘယ်တော့မှ မိန်းမကိုတိုင်ပင်ရကောင်းမှန်းမသိဘူး။ သူလုပ်ချင်တာပဲလုပ်တယ်။ အင်းပေါ့လေ… သူတို့နိုင်ငံမှာ ငါကလာနေရတာဆိုတော့ ဘာမှမသိဘူးပေါ့။ ငါ့ကိုဆိုသိပ်နှိမ်တာ။” အိုမိုင်ဂေါ့…. စုံနေတာပဲ။ ကိုယ်တွေးနေတာတွေကို သွားတွေ့လိုက်ပါတယ်။ သြော်… ဒါ့ကြောင့်လည်း လောကကြီးကချက်ချင်းမည်းသွားပြီး ငါ့ဘဝကြီးချက်ချင်းဆိုးသွားတာကိုး။ ချက်ချင်းပဲ ယောက်ျားကို ကျွန်မရဲ့တဒင်္ဂအဖြစ်အပျက်အကြောင်း ပြောပြလိုက်ပါတယ်။ ပြီးတော့ သူပြောခဲ့တဲ့စကားတွေကို နောက်ထပ်တစ်ကြိမ်ပြန်ပြောပြဖို့ တောင်းဆိုလိုက်ပါတယ်။ သူကလည်း ပြန်ပြောပေးပါတယ်။

ကျွန်မရဲ့ Practice ကတော့ သူနောက်တစ်ခေါက်ထပ်ပြောတဲ့အခါ ကျွန်မရဲ့အတွင်းသံလေးကို ဘေးခဏဖယ်ထားမယ်။ သူပြောတဲ့စကားရဲ့ဆိုလိုရင်းအစစ်အမှန် ကိုယ့်ဆီရောက်အောင်နားထောင်လိုက်ပါတယ်။ ကျွန်မခင်ပွန်းကိုလည်း “ကျေးဇူးတင်ပါတယ်။ ရှင့်ရဲ့ဆိုလိုရင်းအစစ်အမှန်ကို ကျွန်မနားလည်ပါပြီ။ ကျွန်မကျေနပ်ပါတယ်။” Thank you. I got it what you mean and I appreciated လို့ ပြောလိုက်ပါတယ်။ ကျွန်မ ပြုံးမိပါတယ်။ စိတ်ထဲမှာလည်း “အင်း… ကံကောင်းလို့။ ကြည်နူးပျော်ရွှင်ရမယ့်အချိန်ကို ဆုံးရှုံးအောင် ငါလုပ်မိတော့မလို့ပါလား။”

အကျဉ်းချုပ်

အတွင်းသံ (inner voice) က အသက်ရှိနေသရွေ့ ကိုယ်နဲ့အတူတူရှိနေမှာပါ။ ဒါကြောင့် ကိုယ့်မှာအတွင်းသံလေးရှိတာကိုသိနေဖို့အတွက် အလေ့အကျင့်များများလုပ်ဖို့လိုပါတယ်။ လေ့ကျင့်တယ်ဆိုတာကလည်း အတွင်းသံလေးကိုသတိထားမိတဲ့အခါ ခွဲခြားစိတ်ဖြာသိနေဖို့ရယ်၊ အသိအမှတ်ပြုနေဖို့ရယ်၊ သတိရှိဖို့ရယ်ပါပဲ။ အတွင်းသံလေးရှိနေတာကို ကောင်းတယ်၊ ဆိုးတယ်လို့ သတ်မှတ်လို့မရပါဘူး။ ရှိနေတယ်ဆိုတာလေးကို အသိအမှတ်ပြုပေးရင်ပဲရပါပြီ။

Thida Aung

Jan 10, 2020 (Friday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေလိုက်ပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form