မိမိကိုယ်မိမိမည်သူမည်ဝါဟု Identity သတ်မှတ်တည်ဆောက်ခဲ့ခြင်း
"သီတာအောင်ဆိုတာ ဘယ်သူလဲ" လို့ ကျွန်မကိုမေးလာခဲ့ရင် သီတာအောင်ဆိုတာ "အရမ်းသဘောကောင်းတဲ့မိန်းကလေးတစ်ယောက်" "အရမ်းဖော်ရွေတဲ့သူ" "ကူညီတတ်တဲ့သူ" "လောကကိုအရှုံးမပေးတတ်တဲ့သူ" "ပျော့ညံ့တဲ့သူထဲမှာမပါဘူး" "အရမ်းစည်းကမ်းရှိတယ်" "သူများကိုအားမကိုးတတ်ဘူး" "ကတိအရမ်းတည်တဲ့သူ" "အရှက်အကြောက်ကြီးတယ်" "သိမ်သိမ်မွေ့မွေ့နေတတ်တယ်" စသဖြင့်ပုံဖော်ပြောဆိုလေ့ရှိပါသည်။ ဒီပုံဖော်ထားတဲ့မည်သူမည်ဝါကို "Identity" လို့ခေါ်ပါတယ်။ မြန်မာလိုဆိုရင် "မျက်နှာဖုံး" "ဇာတ်ကောင်" သဘောတရားနဲ့ဆင်တူပါတယ်။
Identity မှာ physical identity နဲ့ mental identity ဆိုပြီး နှစ်မျိုးရှိပါတယ်။ Physical identity က ကျွန်မတို့ဘယ်သူဆိုတာကိုသက်သေခံပေးနိုင်မယ့်အမှတ်အသား၊ မှတ်ပုံတင်၊ ပတ်စ်ပို့၊ မွေးစာရင်း စတဲ့စာရွက်စာတမ်းအထောက်အထားတွေကိုပြောတာပါ။ Mental identity ဆိုတာ ငယ်ရွယ်စဉ်ကတည်း ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ပြောဆိုဆက်ဆံမှုတွေကိုအခြေခံပြီး ကျွန်မတို့စိတ်ထဲမှာဖန်တီးထားတဲ့အမှတ်အသားပါ။ Physical identity ထက် mental identity က ကျွန်မတို့အပေါ်သက်ရောက်မှုပိုဖြစ်စေပါတယ်။ ဒီဆောင်းပါးမှာဆက်ပြောသွားမယ့် Identity ဆိုတာ mental identity ကို ဆိုလိုပါတယ်။
Identity တွေဟာ မွေးကတည်းကပါလာတဲ့အမည်နာမတွေ မဟုတ်ပါဘူး။ Identity တစ်ခုချင်းစီရဲ့နောက်ကွယ်မှာ သူတို့ကိုဖန်တီးလိုက်ရတဲ့အကြောင်းရင်းတစ်ခုစီ ရှိနေတတ်ပါတယ်။ Identity ကိုမွေးဖွားလိုက်ရတဲ့အကြောင်းရင်းတွေဟာ ကြီးပြင်ရာတစ်လျှောက်မှာ လူ့ဘဝကိုဘယ်လိုနေရမလဲ... ကြောက်စိတ်ဖြစ်လာတဲ့အခါ ခက်ခဲတဲ့အခြေအနေတွေကိုကျော်လွှားနိုင်ဖို့ မြက်တစ်ပင်အနေနဲ့ဆွဲလိုက်တဲ့၊ လူတွေနဲ့ကိုယ်နဲ့ကြားမှာ ကြားခံနယ်အဖြစ်ကိုယ်တိုင်ဖန်တီးခဲ့တဲ့ အရည်အချင်း၊ ဝိသေသလက္ခဏာတွေပဲဖြစ်ပါတယ်။
ယေဘုယျအားဖြင့် လူတိုင်းမှာ Identity ၃ ခုစီရှိတတ်ပါတယ်။ ကလေးဘဝ၊ ဆယ်ကျော်သက်နဲ့ အသက် ၁၉ နှစ်နောက်ပိုင်းအရွယ်တွေမှာ Identity တွေကို ဖန်တီးတတ်ကြပါတယ်။
ကျွန်မရဲ့ပထမဆုံး Identity ကို အသက် ၅ နှစ်အရွယ်မှာဖန်တီးခဲ့တာပါ။
မေမေက ညီမလေးကိုမွေးပြီးအိမ်ပြန်လာတဲ့အချိန်မှာ မေမေ့ကိုလွမ်းတဲ့စိတ်နဲ့ပြေးဖက်လိုက်တဲ့အခါ မေမေ့ရဲ့တွန်းထုတ်ခြင်းကိုခံလိုက်ရပါတယ်။ အဲ့တဒင်္ဂ "ငါတော့တစ်ခုခုမှားနေပြီ။ အမေ ငါ့ကိုမလိုချင်တော့ဘူး" ဆိုတဲ့စကားသံက ကျွန်မစိတ်ထဲမှာရိုက်ခတ်သွားပါတယ်။ တစ်ပြိုင်တည်းမှာပဲ "ငါတော့လိမ္မာတဲ့ကလေးဖြစ်မှရတော့မယ်။ မဟုတ်ရင် မေမေ ငါ့ကိုချစ်မှာမဟုတ်တော့ဘူး။ ဖေဖေလည်း ငါ့ကိုချစ်မှာမဟုတ်တော့ဘူး။ လူတွေလည်း ငါ့ကိုဂရုစိုက်မှာမဟုတ်ဘူး"ဆိုပြီးဆုံးဖြတ်ချက်ချရင်း "လိမ္မာတဲ့သူ၊ သဘောကောင်းတဲ့သူ" ဆိုတဲ့ Identity ကို ဖန်တီးလိုက်ပါတယ်။
ဒုတိယ Identity ကို အသက်ဆယ်နှစ်အရွယ်တုန်းကရရှိခဲ့ပါတယ်။
ဖေဖေကအစိုးရဝန်ထမ်းဖြစ်တော့ နှစ်တိုင်းနီးပါး နယ်ခဏခဏပြောင်းရပါတယ်။ အသက်ဆယ်နှစ် ရှမ်းပြည်ပြောင်းရတဲ့အခါမှာ တိုင်းရင်းသားဒေသစကားမတတ်တဲ့ကျွန်မအတွက် သူငယ်ချင်းတွေရဲ့စကားဝိုင်းထဲမပါခဲ့ရတာများပါတယ်။ ကိုယ့်ကိုလည်းဖယ်ကျဉ်ထားတယ်လို့ခံစားရတဲ့အပြင် I don't belong here "ဒီနေရာက ငါ့နေရာမဟုတ်ဘူး" ဆိုတဲ့အတွေးနဲ့ အမြဲသွားသတိလာသတိနဲ့နေထိုင်ဖြစ်ပါတယ်။ ငါ့ကိုသူငယ်ချင်းတွေအခေါ်အပြောလုပ်ဖို့ဆိုရင် ငါကဖော်ဖော်ရွေရွေရှိဖို့၊ ကူညီတတ်ဖို့လိုတယ်လို့ ကောက်ချက်ချပြီး "ဖော်ရွေတဲ့သူ၊ အရမ်းကူညီတတ်တဲ့သူ" ဆိုတဲ့ Identity ကို ဖန်တီးလိုက်ပြန်ပါတယ်။
တတိယမျက်နှာဖုံးကို အသက် ၁၉ နှစ် အိမ်ကထွက်ပြီး မြို့ပေါ်တက်လာတဲ့ရထားပေါ်မှာဖန်တီးခဲ့တာပါ။
ရထားပေါ်မှာ တစ်ယောက်တည်းစီးလာတုန်း "I'm on my own. ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတော့မယ်" လို့အတွေးဝင်လာတော့ တစ်ယောက်တည်းရပ်တည်ဖို့အတွက် ဘယ်လို Identity နဲ့ရှေ့ဆက်ရမလဲလို့စဉ်းစားမိပါတယ်။ "ငါပျော့ညံ့လို့မဖြစ်တော့ဘူး။ တစ်ယောက်တည်း မားမားမတ်မတ်ရပ်တည်မှဖြစ်တော့မယ်"ဆိုတဲ့အတွက် "သန်မာတဲ့သူ၊ အရှုံးမပေးတတ်တဲ့သူ၊ မားမားမတ်မတ်ရပ်တည်တဲ့သူ" ဆိုတဲ့ Identity နဲ့ လူ့ဘဝကိုခရီးဆက်ခဲ့ပါတယ်။
ဒီ Identity မျက်နှာဖုံးတွေကိုတပ်ထားတဲ့အတွက် ကျွန်မရဲ့ဘဝလမ်းကဖြောင့်ဖြူးသင့်သလောက် ဖြောင့်ဖြူးခဲ့ပါတယ်။ တိုးတက်သင့်သလောက် တိုးတက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲအကျိုးဆက်က "လိမ္မာတဲ့သူ၊ သဘောကောင်းတဲ့သူ" မျက်နှာဖုံးကိုတပ်ထားရတဲ့အတွက် သူများအလိုကျ လိုက်လျောညီထွေနေထိုင်ပေးရပါတယ်။ တောင်းသမျှအကူအညီကိုမငြင်းရဲဘဲ လုပ်ပေးချင်သည်ဖြစ်စေ၊ မလုပ်ပေးချင်သည်ဖြစ်စေ လုပ်ပေးခဲ့ရပါတယ်။ ကျွန်မရဲ့နေ့ရက်တွေက သူများအတွက်အသက်ရှင်နေရတာနဲ့တူပြီး မိမိစိတ်တိုင်းကျ လွတ်လွတ်လပ်လပ်နေခွင့်မရခဲ့ပါဘူး။
"သန်မာတဲ့သူ၊ အရှုံးမပေးတတ်တဲ့သူ၊ မားမားမတ်မတ်ရပ်တည်တဲ့သူ"ဆိုတဲ့ Identity ကြောင့် ပင်ပန်းတာ၊ ဝမ်းနည်းတာတွေကို မိသားစုမောင်နှမရှေ့မှာတောင်မပြရဲခဲ့ပါဘူး။ ကျွန်မပင်ပန်းတာ၊ မျက်ရည်ကျတာကိုပြလိုက်မိရင် အထင်သေးပြီးအားမကိုးတော့မှာစိုးလို့ပါ။ အလားတူပဲ။ ကျွန်မရှေ့မှာ တစ်ယောက်ယောက်ကလာငိုပြရင်လည်း "ဘာလို့ငိုတာလဲ။ ပျော့ညံ့ရသလား"ဆိုပြီး စိတ်ထဲကနေအထင်သေးမိပါတယ်။
Identity ရှိခြင်းရဲ့အားသာချက်က အကြပ်အတည်းအခြေအနေကနေရှောင်ထွက်စေနိုင်ပါတယ်။
ဘဝမှာအောင်မြင်သင့်သလောက်လည်း အောင်မြင်စေပါတယ်။ အားနည်းချက်ကတော့ မျက်နှာဖုံးဖြစ်တဲ့အတွက်၊ မိမိစိတ်တိုင်းကျနေခွင့်မရတဲ့အတွက် စိတ်ချမ်းမြေ့ခြင်းမရှိဘူး။ ကိုယ်တိုင်က ဟန်ဆောင်နေရတယ်လို့ခံစားလာရတဲ့အတွက် လူအများနဲ့ဆက်ဆံတဲ့အခါမှာ ပွင့်ပွင်းလင်းလင်းမရှိတော့သလို လူတွေနဲ့လည်းဝေးသည်ထက်ဝေးလာတယ်လို့ ခံစားလာရတယ်။
ဥပမာ - မိသားစုနဲ့ထမင်းအတူစားဖို့ချိန်းထားတဲ့ရက်မှာ လုပ်ဖော်ကိုင်ဖက်က သူ့အစားဂျူတီဆင်းပေးဖို့အကူအညီတောင်းလာတဲ့အခါ ခါတိုင်းစိတ်နဲ့သာဆိုရင် "ဖော်ရွေတဲ့သူ၊ အရမ်းကူညီတတ်တဲ့သူ" ဆိုတဲ့ Identity ခံနေတဲ့အတွက် မငြင်းရဲဘဲ (ငြင်းလိုက်ရင် ငါ့ကိုသဘောထားသေးသိမ်တဲ့သူလို့ထင်သွားမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့်) ခေါင်းညိတ်လိုက်မှာအသေအချာပါပဲ။ နောက်ဆက်တွဲအကျိုးသက်ရောက်မှု (impact) ကတော့ dinner စားမယ့်အစီအစဉ်ကိုဖျက်လိုက်ရပြီး မိသားစုဝင်တွေရဲ့ငြိုငြင်ခြင်းကို ခံရမှာပါ။ တကယ်လို့ ကိုယ်သာ Identity ရှိနေတာကိုသိထားခဲ့မယ်ဆိုရင် မကူညီနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက် မိသားစုနဲ့ချိန်းထားပြီးဖြစ်တဲ့အတွက်မကူညီနိုင်ကြောင်း၊ နောက်တစ်ခေါက်ဆို ကြိုပြောမယ်ဆိုရင်ကူညီပေးမယ့်အကြောင်းကို စိတ်ရှင်းရှင်းနဲ့ပြောပြပြီး ယုံကြည်မှုရှိရှိကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။
ဥပမာ - အလှူတစ်ခုလုပ်ချင်တယ်။ ကုန်သွားမှာစိုးရိမ်တဲ့စိတ်လေးလည်းဖြစ်နေတဲ့အခါ မလှူချင်လှူချင်နဲ့လှူလိုက်မယ့်အစား အဲ့တဒင်္ဂမှာ "ငါဟာ ရက်ရောတဲ့သူတစ်ယောက်" (I'm generous / the possibility of being generosity) ဆိုတဲ့ ရက်ရောတဲ့ဖြစ်နိုင်ခြေကိုဖန်တီးပြီး အလှူဖြစ်မြောက်အောင်လုပ်လို့ရပါတယ်။ ဒါသည် Identity ရဲ့ကန့်သတ်ချက်ထဲကနေ ခွဲထွက်လိုက်ခြင်းပါပဲ။
Identity သည် မိမိမဟုတ်။
အပေါ်မှာပြောခဲ့တဲ့ "လိမ္မာတဲ့သူ၊ သဘောကောင်းတဲ့သူ" "ဖော်ရွေတဲ့သူ၊ အရမ်းကူညီတတ်တဲ့သူ" "သန်မာတဲ့သူ၊ အရှုံးမပေးတတ်တဲ့သူ၊ မားမားမတ်မတ်ရပ်တည်တဲ့သူ" စတာတွေက တစ်ဦးတစ်ယောက်ချင်းစီနဲ့ပတ်သက်တဲ့ Identity တွေပါ။ "ငါက ခရစ်ယာန်" "ငါကအင်္ဂလိပ်လူမျိုး" "ငါက ဘာသာရေးလိုက်စားတဲ့သူ" အစရှိတဲ့ Identity တွေကတော့ တစ်ဦးချင်းစီတင်မကဘဲ လူအများအပေါ်မှာလည်း လူတွေကိုအုပ်စုခွဲထုတ်နိုင်တဲ့အထိ လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ အလားတူ "ကျွန်တော်က ဒါကိုယုံတယ်" "ကျွန်မကတော့ ဒါကိုလက်မခံနိုင်ဘူး" စတဲ့ ယုံကြည်မှုပေါ်မူတည်ထားတဲ့ Identity တွေကတော့ လက်ခံနိုင်တဲ့သူကတစ်ဖွဲ့၊ လက်မခံနိုင်တဲ့သူကတစ်ဖွဲ့ဆိုပြီး အဖွဲ့တွေထပ်ကွဲသွားစေပါတယ်။
Identity ဘယ်ကလာသလဲ။
ငယ်ရွယ်စဉ်ကလေးဘဝက အရိုးခံဖြူစင်လှပါတယ်။ Identity မရှိသေးတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြတယ်။ ရိုင်းပင်းကူညီတတ်ကြပါတယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ နင်ဘယ်သူပါ၊ ငါဘယ်သူပါဆိုပြီးခွဲခြားခြင်းမရှိပါဘူး။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါ ခက်ခဲဖို့အတွက်သင်ပေးလိုက်သလိုဖြစ်နေတဲ့လောကကြီးမှာ အခက်အခဲတွေကိုကျော်လွှားဖို့ Identity တွေကိုတည်ဆောက်ပြီးနေခဲ့ရခြင်းဖြစ်ပါတယ်။
Identity က မလိုမုန်းထားစိတ်ကိုဖြစ်စေတယ်။ သူဟာ ကိုယ့်လို Identity မျိုးရှိတဲ့သူမဟုတ်ရင် မကောင်းတဲ့သူဆိုတဲ့သတ်မှတ်ချက်မျိုးလုပ်တတ်ပါတယ်။ Identity ကနေတဆင့် အဖွဲ့တစ်ဖွဲ့ထဲကိုဝင်လိုက်ပြီဆိုတာနဲ့ တခြားသူတွေနဲ့ခွဲလိုက်သလိုအလိုအလျောက်ဖြစ်သွားပါတယ်။
Identity က အမှန်တရားကိုသေချာမစူးစမ်းဘဲနဲ့ မျက်စိမှိတ် ဘက်လိုက်ရာကနေစဖြစ်ပါတယ်။ Identity များများရှိလေ ကိုယ့်ကိုကန့်သတ်ထားတဲ့အရာတွေပိုများလေဖြစ်ပါတယ်။ အပြင်လူတင်မက မိသားစုတွင်းမှာပါ identity မတူရင် အုပ်စုကွဲ၊ စိတ်ဝမ်းကွဲတတ်ပါတယ် (ဥပမာ - အစပ်မစားနိုင်တဲ့သူကတစ်အုပ်စု၊ အစပ်မပါရင်ထမင်းပွဲမဖြစ်တဲ့သူတွေကတစ်အုပ်စု)။ Identity များရင် အမြင်ချင်းမတူတဲ့အတွက် အပျက်သဘောဘက်ကိုဆောင်ပါတယ်။
Identity တစ်ခုအရမ်းကြီးထွားလာတဲ့အခါ အပြုသဘောနဲ့အပျက်သဘောဆိုတဲ့အစွန်းနှစ်ဖက်ကိုရောက်ဖို့ အရမ်းလွယ်ပါတယ်။ ဒါကြောင့် အလယ်တည့်တည့်မှာရှိဖို့အတွက် ကိုယ့် Identity ကို ဂရုစိုက်ပါ။ လက်ရှိရှိနေတဲ့ Identity က အလုပ်မဖြစ်တော့ဘူး။ ရှေ့ဆက်တက်ဖို့အထောက်အကူဖြစ်တာထက် အဟန့်အတားဖြစ်နေပြီဆိုရင် ဒီ Identity တွေကို ပြန်သုံးသပ်ပါ။ အကျိုးသက်ရောက်မှု (Impact) တွေကို ပြန်သုံးသပ်ပါ။ စဉ်းစားဆုံးဖြတ်ပါ။
အကျဉ်းချုပ်
Identity ရှိခြင်းက ကောင်းတယ်ဆိုးတယ်ဆိုတာထက် Identity ရှိနေတယ်ဆိုတာကိုသိထားရင် ကိုယ့်ကိုကန့်သတ်ထားတဲ့အရာတွေကို ခွဲခြားသိမြင်လာပါလိမ့်မယ်။ ဘောင်ခတ်ထားတဲ့ကန့်သတ်ချက်ထဲကနေ ထွက်လာတဲ့သူတစ်ယောက်၊ မျက်နှာဖုံးတွေကိုခွာချထားတဲ့သူတစ်ယောက်က ဘယ်သူမဆိုဖြစ်လို့ရပါတယ်။
နေ့စဉ်နဲ့အမျှ ပျော်ရွှင်ချင်တယ်ဆိုရင် Identity ရဲ့ချုပ်ချယ်မှု၊ ခွဲခြားကန့်သတ်မှုတွေကိုမခံပါနဲ့။ ကိုယ်လိုချင်တဲ့အရာကို ရွေးချယ်ပြီး Possibility create လုပ်ပြီး စိတ်တိုင်းကျနေထိုင်ကြပါလို့အကြံပြုပါတယ်။
Thida Aung
May 16, 2021 (Sunday)