ဝေဖန်ခံရခြင်းမှ လွတ်မြောက်ခြင်း

Jan 24, 2021
Relationship

ဝေဖန်ခြင်းက universal နဲ့ဆိုင်ပါတယ်။ ရှောင်လွှဲလို့မရသလို နေရာတိုင်းမှာလည်း တွေ့ကြုံရပါမယ်။ လူတွေက မွေးကတည်းက သူများကိုအကြံဉာဏ်ပေးခြင်းဆိုတဲ့ opinion နဲ့ရင်းနှီးပြီးသားပါ။ သူများကိုလည်း အကြံဉာဏ်ပေးမယ်။ ကိုယ်ကလည်း သူများဆီကလက်ခံရရှိပါလိမ့်မယ်။

ဝေဖန်ခြင်းအပေါ်မှာခံစားနေရတာတွေက ဘယ်ကလာသလဲ။

လူတစ်ယောက်က ကိုယ့်ကိုဝေဖန်လာတဲ့အခါ "ငါ့မို့လို့ပြောတာ" "ငါ့ကိုပဲ ဘာလို့လာထိခိုက်နေရတာလဲ" "ငါ့ဘဝက ဆိုးပါတယ်" "သူကရော ဘယ်လောက်တောင်ကောင်းနေလို့လဲ" ငါ့ကိုဝေဖန်ရအောင် သူ့ကိုယ်သူလည်းပြန်ကြည့်ပါဦး" စသဖြင့် ကျွန်မတို့ရဲ့ story (ထွင်ထားတဲ့ဇာတ်လမ်း) က ဝေဖန်ခြင်းအပေါ်မှာ ကျွန်မတို့ကိုခံစားစေတာပါ။ ဒါကြောင့်လည်း လူတွေကဝေဖန်တာနဲ့ပတ်သက်ပြီး တဖြည်းဖြည်းနဲ့ရှောင်လာကြပါတယ်။

ဝေဖန်ခြင်းဆိုတာဘာလဲ။ ဘယ်လိုလူမျိုးတွေကို ဝေဖန်သလဲ။

ကောင်းတဲ့အပြုအမူနဲ့ဝေဖန်တာရှိသလို မကောင်းတဲ့အပြုအမူနဲ့ဝေဖန်တာလည်းရှိပါတယ်။ သူများကို (သို့) ကိုယ့်ကိုယ်ကိုယ် တစ်နည်းမဟုတ်တစ်နည်းနဲ့ ဝေဖန်နေကြပါတယ်။ တိုးတိုးဝေဖန်တာနဲ့ကျယ်ကျယ်ဝေဖန်တာပဲရှိပါတယ်။ ဝေဖန်ခြင်းဆိုတာ လူတိုင်းလုပ်နေတဲ့အလုပ်ပါ။

ဝေဖန်မှုသည် ကိုယ့်ဆီကပဲလာတာပါ။

လူဆိုတာ အမြဲမပျော်ရွှင်နေပါဘူး။ အထူးသဖြင့် ကိုယ်စိတ်ဓာတ်ကျနေတဲ့အချိန်၊ မပြည့်စုံဘူးလို့ခံစားရတဲ့အချိန်၊ စိတ်အားငယ်နေတဲ့အချိန်တွေမှာဆိုရင် ကိုယ်နဲ့နှိုင်းယှဉ်ပြီးတော့ သူများကိုပိုပြီးဝေဖန်တတ်ပါတယ်။

ကျွန်မအတွေ့အကြုံတစ်ခုကို ပြောပြချင်ပါတယ်။ ကျွန်မကစကတ်အတိုဝတ်တိုင်းကြည့်ကောင်းအောင် ခြေသလုံးမွေးအမြဲရှင်းလေ့ရှိပါတယ်။ တစ်ရက်ခင်မင်ရတဲ့ညီမလေးတစ်ယောက် ဂါဝန်အတိုလေးဝတ်ထားတာတွေ့တော့ ချစ်စရာကောင်းလိုက်တာလို့တွေးနေတုန်း သူ့ခြေထောက်ကိုမျက်စိရောက်သွားပါတယ်။ Hair removal မလုပ်ထားတဲ့သူ့ကို သူများတွေပြောမှာစိုးလို့၊ ကျွန်မဆိုရင်လည်း ခြေသလုံးမွေးမြင်နေရရင် သူများပြောမှာကြောက်တယ်ဆိုတဲ့စိတ်နဲ့ "ညီမလေးရယ်... နင်ခြေသလုံးမွေးရှင်းလိုက်ပါလား။ ပိုလှသွားလိမ့်မယ်" လို့ပြောမိလိုက်ပါတယ်။ "အမကလည်း အမမျက်နှာမှာရှိတဲ့အကွက်ကို သွားပြင်လိုက်ပါဦး။ အမလည်းပြုပြင်စရာတွေရှိနေတာပဲ" လို့ ညီမလေးက တုံ့ပြန်သံကြားရတဲ့အခါမှာ ကျွန်မဆွံ့အသွားပါတယ်။ တည့်တိုးကြီးပြောလိုက်တဲ့ပြောဆိုပုံမှားသွားတယ်ဆိုတာကိုလည်း ချက်ချင်းသဘောပေါက်လိုက်ပါတယ်။ ညီမလေးဘက်ကကြည့်မယ်ဆိုရင် ကျွန်မကသူ့ကိုဝေဖန်ကဲ့ရဲ့ရှုတ်ချလိုက်တယ်လို့ထင်ချင်ထင်ပါလိမ့်မယ်။ ဒါကြောင့်လည်း ကျွန်မကို ဒီလိုတုံ့ပြန်လိုက်တာပါ။

နောက်တစ်ခါ ကျွန်မဝေဖန်ခံရတဲ့အလှည့်ပါ။ အမတစ်ယောက်အိမ်ကိုအလည်သွားတဲ့အခါမှာ "သီတာ... နင်ဝလာတယ်။ အသားရည်တွေ ပြောင်းလဲလာတယ်။ ဆံပင်တွေလည်း မကောင်းတော့ဘူး။ အသားမည်းလာသလိုပဲ " စသဖြင့် မျိုးစုံပြောခံရပါတယ်။ ပြောတာများလာတော့ ကျွန်မလည်း စိတ်ညစ်လာပါလေရော။ နှုတ်ကထုတ်မပြောလိုက်ပေမယ့် "ရှင်ကရော ဘယ်လောက်လှနေလို့လဲ။ ကိုယ့်ကိုယ်ကိုယ်လည်းပြန်ကြည့်ပါဦး။ အားအားယားယားပြောနိုင်လွန်းတယ်" လို့ စိတ်ထဲကနေပြန်ပြောနေမိပါတယ်။ တစ်ဆက်တည်းမှာပဲ "လူတွေကလည်း ငါ့ကိုပဲပြောချင်နေကြတာပဲ" ဆိုတဲ့ "ငါ" "ငါ့မို့လို့" ဆိုတဲ့စိတ်ကပါလာပါတယ်။ အိမ်ပြန်ရောက်တဲ့အထိ စိတ်ကမပြတ်သေးဘဲဆက်တွေးနေမိပါတယ်။ ကျွန်မတို့ကိုအနှောင့်အယှက်ပေးနေတာက ဒီစိတ်တွေပါ။

တစ်ခါတလေ ကိုယ်နဲ့အနီးကပ်မိသားစုကဝေဖန်တာ ပိုများပါတယ်။ သူစိမ်းတွေက ကိုယ့်အကြောင်းကိုသိပ်မသိကြတော့ အပေါ်ယံကြည့်ပြီး နင်လုပ်တာကောင်းတယ်ဘာညာပြောဆိုတာလောက်ပဲရှိပါတယ်။ မိသားစုကျတော့ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်ကိုသိတဲ့သူဖြစ်တော့ အားနည်းချက်ကိုပိုကောင်းစေချင်တဲ့စိတ်နဲ့ဝေဖန်တာရှိပါတယ်။

နိုင်ငံခြားကိုရောက်ကာစတုန်းက ကျွန်မအင်္ဂလိပ်လိုပြောတိုင်း ခင်ပွန်းသည်ကပြင်ပေးလေ့ရှိပါတယ်။ ကြာလာတော့ "ငါ့ကိုနှိမ်လိုက်တာ။ မြန်မာပြည်ကလာတာမို့လို့ အထင်သေးတာလား" ဆိုပြီး စိတ်ထိခိုက်လာပါတယ်။ တကယ်တော့ သူကကျွန်မကိုချစ်လို့ အင်္ဂလိပ်လိုပိုကောင်းလာစေချင်တဲ့စိတ်နဲ့ ထောက်ပြပေးတာပါ။ ဒါကိုကျွန်မက ငါ့ကိုနှိမ်တယ်ဆိုတဲ့ကောက်ချက်ဆွဲလိုက်မိတာပါ။

မိတ်ကပ်ဆရာတစ်ယောက်က မျက်နှာတစ်ခုကိုတွေ့ရင် သူကျွမ်းကျင်တဲ့မိတ်ကပ်ပိုင်းနဲ့ပတ်သက်ပြီး ဘယ်နေရာမှာဘာလိုအပ်လဲဆိုတာကို တန်းသိပါတယ်။ ကိုယ်ရေးထားတဲ့စာတစ်ပုဒ်ကို ဝါရင့်စာရေးဆရာမတစ်ယောက်ကိုပြကြည့်ရင် သူ့ရဲ့နှစ်ရှည်စာရေးအတွေ့အကြုံကြောင့် စကားလုံးအသုံးအနှုန်းတွေပိုကောင်းလာအောင် ဝေဖန်ထောက်ပြနိုင်ပါတယ်။ တကယ်တော့ ကိုယ့်စိတ်ထဲမှာသာ ဝေဖန်ခံရတယ်လို့ထင်ရတာ။ သူတို့အနေနဲ့က ကျွမ်းကျင်ရာလိမ္မာရာဆိုတဲ့စကားပုံအတိုင်း သူတို့ပညာရပ်နဲ့ပတ်သက်ပြီးထောက်ပြလိုက်ရင် တစ်ဖက်လူပိုတိုးတက်သွားမယ်ဆိုတဲ့စိတ်ပဲရှိတာပါ။ ဒီတော့ ကိုယ်ယူတတ်ဖို့ပဲလိုပါတယ်။

နောက်ထပ်ဝေဖန်တဲ့ပုံစံကတော့ တကယ့်ကိုအနုတ်သဘောဆောင်တဲ့ negative ဝေဖန်ခြင်းပါ။ ဒီလိုဝေဖန်တတ်တဲ့သူတွေကိုကြည့်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်လုံခြုံမှုမရှိဘူးလို့ခံစားရတဲ့သူ၊ အကာအကွယ်ယူနေရတဲ့သူ၊ မပြည့်စုံဘူးထင်နေတဲ့သူ၊ သိမ်ငယ်နေတဲ့သူတွေက "မင်းကတော့ အသုံးမကျဘူး။ ငါကတော့ ဒီလို..." ဆိုပြီး ဟန်ကိုယ့်ဖို့ သာကြောင်းကောင်းကြောင်းအပေါ်ယံလုပ်ပြနေရတဲ့သူတွေဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့သူတွေဖြစ်တဲ့အတွက် သူများတွေကိုထိုင်ပြီးအပြစ်ပြောဝေဖန်ဖို့ကလွဲရင် သူတို့ဘဝမှာတခြားလုပ်စရာလည်းမရှိဘူးဆိုတာတွေ့ရပါတယ်။ သူတို့ကိုလည်း အပြစ်ပြောလို့တော့မရပါဘူး။ ဒါကလည်း ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ဆိုင်ပါတယ်။ ငယ်ငယ်ကတည်းက မိဘတွေဝေဖန်တာကိုနားထောင်ပြီးကြီးလာရတဲ့သူဆိုရင် သူများကိုလည်းဝေဖန်ရမယ်ဆိုတဲ့စိတ်က ပါလာဖို့ရာခိုင်နှုန်းအတော်များပါတယ်။

ဒီလိုလူမျိုးနဲ့တွေ့တဲ့အခါ ကိုယ့်ဘက်ကလုပ်လို့ရတာက ကိုယ်အကောင်းဆုံးလုပ်နေတာကို အသိအမှတ်ပြုပါ။ ဝေဖန်နေတဲ့သူကလည်း သူသိတဲ့အလုပ် (ဝေဖန်တဲ့အလုပ်) ကိုပဲ အကောင်းဆုံးလုပ်နေတာဖြစ်တဲ့အတွက် အကောင်းဆုံးဝေဖန်မှာပဲ။ ဒါသူတို့အပိုင်းဖြစ်တဲ့အတွက် ကိုယ်ယူမလားမယူဘူးလားဆိုတာပဲ ကိုယ့်အပေါ်မှာမူတည်ပါတယ်။

ဝေဖန်တဲ့သူက မိသားစုဝင်ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်ရမလဲ။

မိသားစုဝင်တွေကပြောဆိုလာတဲ့အပေါ်မှာ စိတ်ညစ်ညူးလာခဲ့ရင် အကောင်းဆုံးတုံ့ပြန်လို့ရတာက "အကြံဉာဏ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ပြောပြီး ဒီလောက်နဲ့ရပ်တန့်ဖို့အချက်ပြလို့ရပါတယ်။ "ဒါ ကျွန်တော်/ကျွန်မရဲ့ကိစ္စ၊ ဘယ်လိုလုပ်ရမလဲသိတယ်။ အကောင်းဆုံးလုပ်နေတယ်။ အကြံဉာဏ်ပေးတဲ့အတွက် ကျေးဇူးပါ" စသဖြင့် လိမ္မာပါးနပ်စွာနဲ့ပြောပြပါ။ သူတို့ဝေဖန်လာတဲ့အပေါ်မှာစိတ်ဆင်းရဲနေမယ့်အစား ကိုယ့်ဘက်ကနေတာဝန်ယူပြီးလုပ်ဆောင်ပါ။

ဝေဖန်မှုတွေထဲမှာ ကောင်းတဲ့အချက်တွေကို စီစစ်ရွေးချယ်ပြီး ပြုပြင်သင့်တာရှိရင်ပြုပြင်ပါ။ သတိထားရမှာက မိသားစုဝင်တွေက ဘယ်လောက်ပဲဝေဖန်အကြုံပေးပါစေ။ ကိုယ့်ဘဝကိုယ့်ရွေးချယ်မှုဖြစ်တဲ့အတွက် ကိုယ်ကပဲတာဝန်ယူရပါမယ်။ ကိုယ့်ရဲ့ဆုံးဖြတ်ချက် ကိုယ်လုပ်တဲ့အပေါ်မှာပဲမူတည်ပါတယ်။

ဝေဖန်တာလား၊ အတင်းပြောတာလား ခွဲခြားသိပါ။

ကိုယ်ရှေ့တည့်တည့်လာပြီးဝေဖန်တာမဟုတ်ဘဲ "နင့်အကြောင်းကို ဒီလိုဒီလိုပြောနေတယ်" ဆိုပြီး ကိုယ့်ဆီကိုယူလာပြီးမှရတဲ့ဟာဆိုရင် ဝေဖန်တာမဟုတ်တော့ဘဲ အတင်းပြောတာဖြစ်သွားပါပြီ။ Gossiping ဆိုရင်တော့ လူ့သဘာဝအတင်းတုတ်တာဖြစ်တဲ့အတွက် အာရုံမစိုက်ပါနဲ့။

ဝေဖန်ခံရရင် ကြိုက်တာမကြိုက်တာခဏထားပြီး ဘာအကြောင်းအရာကို ဝေဖန်နေတာလဲ။ ဘယ်လောက်ထိ ဝေဖန်မှာလဲ။ ငါမသိတာတွေ ဘာရှိသလဲ။ ငါတောင်ဝေဖန်တတ်တာပဲ။ သူဝေဖန်တာကို မကြိုက်ရမှာလဲ။ သူဆိုလိုတာဘာလဲလို့ နားထောင်ကြည့်ပါ။

ကိုယ်လုပ်သမျှ ကောင်းတယ်ချည်းထိုင်ပြောနေတဲ့သူက ကိုယ့်ဘဝတက်လမ်းအတွက်အထောက်အကူသိပ်မဖြစ်ပါဘူး။ တိုးတက်ချင်တဲ့သူက ကိုယ့်ထက်တတ်ကျွမ်းတဲ့သူဆီသွားပြီးတော့တောင် ဝေဖန်ပေးပါလို့ တကူးတကတောင်းဆိုရတဲ့အခါရှိပါတယ်။

ဝေဖန်မှုကိုကြောက်နေမယ့်အစား ငါ့အားနည်းချက်ကဘာလဲ။ အားသာချက်ဘာရှိသလဲဆိုတာကိုသိချင်စိတ်ထားပြီး ဝေဖန်မှုတွေကိုဖိတ်ခေါ်ပါ။ ဒါဆိုရင် ဝေဖန်ကဲ့ရဲ့ရှုတ်ချခံရမှုကို ကြောက်ခြင်း၊ စိုးရိမ်ခြင်းကနေ ထွက်ပြေးစရာမလိုဘဲ လွတ်မြောက်လာပါလိမ့်မယ်။

Thida Aung

Jan 24, 2021 (Sunday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေလိုက်ပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form