Feelings and Emotions

Oct 16, 2020
Inner Well-Being

လူရယ်လို့ဖြစ်လာရင် စိတ်ခံစားချက်တွေက အလွန်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ စိတ်ခံစားချက်မရှိဘူးဆိုတာမဖြစ်နိုင်သလို အသက်ရှင်နေလျက်နဲ့ ခံစားချက်မရှိသူတစ်ယောက်ဟာ သေနေတဲ့သူတစ်ဦးဖြစ်တယ်လို့လည်း ယူဆလို့ရပါတယ်။ လူတစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့တစ်ယောက် ဆက်နွှယ်ဆက်ဆံမှုကလည်း စိတ်ခံစားချက်ကနေအခြေခံပါတယ်။ ခံစားချက်ဘယ်ကနေဖြစ်ပေါ်လာသလဲဆိုရင် ကိုယ်ရဲ့အတွေးကနေဖြစ်ပေါ်လာပါတယ်။

ဒါဆို အတွေးတွေကဘယ်ကလာတာလဲ။

  • အာရုံ ၅ ပါး
  • အတိတ်ကမှတ်သားထားတဲ့အရာတွေနဲ့
  • မဖြစ်လာသေးတဲ့အရာတွေအပေါ်မှာ စိတ်ကူးကြည့်ခြင်းကနေလာတာပါ။

ဒါကြောင့် အတွေးရှိနေသရွေ့ စိတ်ခံစားချက်ဆိုတာအမြဲဖြစ်ပေါ်နေမှာပါ။ စိတ်ခံစားချက်တွေကြောင့်လည်း တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးမှာ အဆင်ပြေခြင်း၊ မပြေခြင်းတွေဖြစ်နေကြပါတယ်။

လူ့သဘာဝအရ အတွေးရဲ့အနောက်မှာ စိတ်ခံစားမှုဖြစ်ပေါ်ပါတယ်။ အတွေးနဲ့စိတ်ခံစားမှုနှစ်ခုတည်းဆိုရင် ပြဿနာသိပ်မရှိပါဘူး။ ဒါပေမယ့် ခံစားမှုအပေါ်လိုက်ပြီးပြုလုပ်တဲ့အပြုအမူနဲ့ အကျိုးသက်ရောက်မှုက ကျွန်မတို့ရဲ့လူမှုဆက်ဆံရေးကိုအနှောင့်အယှက်ဖြစ်စေနိုင်တဲ့အတွက် ခံစားမှုတစ်ခုပေါ်လာတဲ့အခါ ဘယ်လိုပြုမူတုံ့ပြန်မလဲဆိုတာကို သေချာစဉ်းစားချင့်ချိန်သင့်ပါတယ်။ ဒါကြောင့် စိတ်ခံစားချက်တစ်ခုပေါ်လာတိုင်း ချက်ချင်းတုံ့ပြန်တာမျိုးမလုပ်ဘဲ မှန်ကန်တဲ့အပြုအမူမျိုးလုပ်နိုင်အောင် ဘယ်လိုလေ့ကျင့်ရမလဲဆိုတာကို ဒီဆောင်းပါးမှာမျှဝေထားပါတယ်။

ယေဘုယျစိတ်ခံစားချက်

စိတ်ခံစားချက်ပေါ်လာတဲ့အခါမှာ မှန်ကန်တဲ့အပြုအမူကိုပြုလုပ်နိုင်ဖို့ လူတစ်ယောက်ရဲ့ယေဘုယျစိတ်ခံစားချက် (၁၀) မျိုးကို ခွဲခြားသိထားဖို့လိုပါတယ်။

(၁) ဒေါသစိတ်ခံစားချက် (Anger)

(၂) စိတ်ချမ်းမြေ့မှုစိတ်ခံစားချက် (Happiness)

(၃) ကြောက်တတ်သောစိတ်ခံစားချက် (Fear)

(၄) ပျော်ရွှင်ခြင်းစိတ်ခံစားချက် (Joy)

(၅) အံ့အားသင့်စေတဲ့စိတ်ခံစားချက် (Surprise)

(၆) ဝမ်းနည်းခြင်းစိတ်ခံစားချက် (Sadness)

(၇) စက်ဆုပ်ရွံရှာသောစိတ်ခံစားချက် (Disgust)

(၈) တက်ကြွသောစိတ်ခံစားချက် (Excitement)

(၉) ရှက်တတ်သောစိတ်ခံစားချက် (Shame)

(၁၀) အထင်အမြင်သေးတတ်သောစိတ် (Contempt)

စိတ်ခံစားချက်ဆယ်မျိုးထဲမှာ အဆိုးဆုံးနဲ့ အကျိုးသက်ရောက်မှုအကြီးဆုံးကတော့ ကြောက်စိတ် (Fear) ပဲ ဖြစ်ပါတယ်။ ကြောက်ရွံ့တုန်လှုပ်စိတ်ဖြစ်ပေါ်လာတဲ့အခါ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ သံသယဝင်တတ်တဲ့စိတ်တွေလည်း ဖြစ်လာတတ်ပါတယ်။ တဒင်္ဂအတွင်းမှာဖြစ်ပေါ်လာတဲ့အတွေး၊ သူရဲ့အနောက်မှာကပ်ပါလာတဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီး တုံ့ပြန်မှုတွေမပြုမိအောင် ကိုယ်ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုအသိအမှတ်ပြုမလဲ၊ ဘယ်လိုပြေလျော့အောင်လုပ်လို့ရလဲဆိုတာကို အချက် (၈) ချက်နဲ့ ပြောပြပေးထားပါတယ်။

၁။ ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်ကို ချရေးပါ။

စာရွက်ပေါ်မှာချရေးလိုက်ခြင်းအားဖြင့် စိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်တွေကို မြင်သာ၊ ကိုင်တွယ်၊ သိရှိစေနိုင်ပါတယ်။ ရေးသားပြီးတဲ့စာကို အကြိမ်ကြိမ်ဖတ်ခြင်းဖြင့် စိတ်ကြည်လင်ပေါ့ပါးစေပါတယ်။

၂။ ဘာဖြစ်လို့ဆတ်ဆတ်ထိမခံဖြစ်ပြီး ခံစားချက်တွေပြင်းထန်နေရတာလဲ။

ကိုယ်ရေးထားတဲ့စာကိုဖတ်ပြီး သေသေချာချာစဉ်းစားပါ။

  • ဘာတွေတွေးလိုက်တာလဲ။
  • ကိုယ့်ဘက်ကဘယ်လိုထင်လိုက်လို့ ခံစားချက်တွေဖြစ်နေတာလဲ။
  • တစ်ဖက်လူပြောလိုက်တဲ့စကားက ကိုယ်ငယ်ငယ်ကတည်းကမကြိုက်တဲ့စကားတစ်ခုဖြစ်နေပြီး အခုချိန်ထိ အဲ့စကားမျိုးကြားရင် ငယ်ငယ်တုန်းကခံစားသလို ခံစားလိုက်ရလို့လား... စသဖြင့် ကိုယ်ရဲ့အတွေးကိုသတိထားကြည့်ခြင်းဖြင့် စိတ်သက်သာရာရစေပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ်မညှာမတာမလုပ်ပါနဲ့။

ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တာ၊ မကောင်းတာတွေးပြီး ဝမ်းနည်း၊ ဒေါသဖြစ်တာမျိုးတွေ မလုပ်ပါနဲ့။ အရင်ကလုပ်ခဲ့မိတဲ့အမှားအပေါ်မှာတသသဖြစ်ပြီး မလွှတ်ချနိုင်၊ မစွန့်လွှတ်နိုင်တာတွေ၊ ကိုယ့်ကိုယ်ကိုယ်ခွင့်မလွှတ်နိုင်တာတွေကလည်း စိတ်ခံစားချက်ကိုဖြစ်စေပါတယ်။ ဒေါသဖြစ်နေခဲ့ရင်လည်း “ငါဒေါသမဖြစ်သင့်ဘူး”ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ဝေဖန်ပြီး ဒေါသပြန်ဖြစ်တတ်တာကိုလည်း သတိထားဆင်ခြင်သင့်ပါတယ်။ “ငါကဒေါသကြီးသူတစ်ယောက်” လို့မတွေးဘဲ “ငါဒေါသစိတ်ဝင်နေပါလား”လို့ ခွဲခြားသိမြင်နိုင်မယ်ဆိုရင် နောင်တနဲ့မနေဘဲ စိတ်ကိုလွတ်လပ်ပေါ့ပါးစေပါတယ်။

၄။ ပုံကြီးချဲ့တွေးတာကိုလျှော့ပါ။

တစ်ဦးတစ်ယောက်ကစကားတစ်ခွန်းပြောလိုက်တာ၊ အပြုအမူတစ်ခုလုပ်လိုက်တဲ့အပေါ်မှာ “ငါ့ကိုတော့ မလေးစားလို့” “ငါ့ကိုတော့ စော်ကားမော်ကားလုပ်သွားတယ်” စသဖြင့် ဆီလိုအပေါက်ရှာပြီးလိုက်တွေးတတ်တာကလည်း ကိုယ့်ကိုယ်ကိုယ်စိတ်ဒုက္ခဖြစ်စေပါတယ်။

နောက်တစ်မျိုးကတော့ ဘာမဟုတ်တဲ့အဖြစ်အပျက်သေးသေးလေးအပေါ်မှာ ဇာတ်လမ်းအကြီးကြီးတွေဆင်ပြီး ဝမ်းနည်းကြေကွဲနေတာမျိုးကလည်း ကိုယ့်အတွက်မကောင်းပါဘူး။ ဒါကြောင့် တော်ရုံတန်ရုံကိစ္စဆိုရင် ရေးကြီးခွင်ကျယ်မလုပ်ခြင်း၊ “ငါ့မို့လို့”ဆိုပြီး ပုဂ္ဂိုလ်ရေးရာဆွဲတွေးတာမျိုးမလုပ်ခြင်းကလည်း ကိုယ့်စိတ်ကိုတစ်မျိုးတစ်ဖုံငြိမ်းချမ်းစေပါတယ်။

၅။ မပြုမူခင်၊ မတုံ့ပြန်ခင်မှာ စဉ်းစားပါ။

လူတွေမှာ စိတ်ခံစားချက်အမျိုးမျိုးဖြစ်တတ်တဲ့အတွက် တစ်ခုခုမတုံ့ပြန်ခင်မှာ စဉ်းစားစေချင်ပါတယ်။ ဒေါသဖြစ်တဲ့စိတ်ခံစားချက်မျိုးရှိနေရင် ဒေါသအလျောက်တုံ့ပြန်တတ်ပါတယ်။ တုံ့ပြန်မှုရဲ့အနောက်မှာ အကျိုးသက်ရောက်မှု (impact) က ကပ်ပါလာပါတယ်။ တစ်ဖက်သားပေါ်ကျရောက်စေတဲ့ impact တွေက ဖြစ်ပြီးသွားရင် ပြန်ပြင်လို့မရတော့တဲ့အတွက် ဘာပဲလုပ်လုပ် မလုပ်ခင်မှာသေချာစဉ်းစားပြီးမှလုပ်ပါ။

ကျွန်မလေ့ကျင့်တဲ့နည်းလမ်းကတော့ ဝမ်းနည်းဒေါသဖြစ်လာတဲ့အခါ ကိုယ်ရဲ့အပြောအဆိုက တစ်ဖက်သားကိုထိခိုက်နစ်နာသွားစေနိုင်တာမို့လို့ ဘာမှမပြောဘဲဆိတ်ဆိတ်နေလိုက်ပါတယ်။ ဒီလိုဆင်ခြင်လိုက်ခြင်းအားဖြင့် နောင်တရစေမယ့်အခြေအနေတွေကို ရှောင်ပြီးသားဖြစ်သလို စိတ်ရဲ့လွတ်လပ်ပေါ့ပါးမှုကိုလည်းခံစားရစေပါတယ်။

၆။ ကိုယ့်လိုအပ်ချက်ကိုထောက်ပြလာတဲ့အခါ ကောင်းကောင်းမွန်မွန်ရင်ဆိုင်ပါ။

လူ့သဘာဝအရ သူများကကိုယ့်လိုအပ်ချက်ကိုလာထောက်တဲ့အခါ မကြိုက်ပါဘူး။ ကိုယ့်ကိုလာနှိမ်တယ်လို့တွေးတတ်ပြီး ဒေါသဖြစ်သလို၊ ရှက်သလိုခံစားချက်တွေဝင်လာတတ်ကြပါတယ်။

သူများပြောတာကိုမကြိုက်တတ်ရင် ကိုယ့်လိုအပ်ချက်တွေကိုထောက်ပြပေးဖို့ ကိုယ်ဘက်ကအရင်တောင်းဆိုပါ။ ဒီလိုတောင်းဆိုခြင်းအားဖြင့် တစ်ဖက်လူရဲ့ဝေဖန်မှုကိုခံနိုင်ရည်ရှိလာသလို ဘယ်နေရာမှာတိုးတက်အောင်လုပ်လို့ရသေးလဲဆိုတာကိုလည်း သိမြင်လာပါလိမ့်မယ်။ ဖြစ်ပေါ်လာတဲ့ခံစားချက်အပေါ်တုံ့ပြန်မယ့်အစား ပျော်ရွှင်တဲ့ခံစားချက်ကိုဖြစ်ပေါ်စေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကိုလည်းတိုးစေပါတယ်။

၇။ ကိုယ်တစ်ယောက်တည်းမှာပဲ စိတ်ခံစားချက်ရှိနေတာမဟုတ်ကြောင်း သတိပြုပါ။

ကျွန်မတို့တွေဟာ တစ်ခါတလေ ကိုယ့်စိတ်ခံစားချက်ကိုပဲ အရမ်းဦးစားပေးတတ်ကြပါတယ်။ ငါပျော်ရွှင်ဖို့၊ ငါစိတ်ချမ်းသာဖို့ဆိုတာမျိုးတွေနဲ့ တစ်ဖက်လူကိုဂရုမမူဘဲ ပြုမူမိတတ်ကြပါတယ်။ ကိုယ့်ပျော်ရွှင်မှုကို တစ်ဖက်သားအပေါ်မှာ ချုပ်ကိုင်ယူတတ်တာမျိုး၊ ကလဲ့စားချေပြီးကျေနပ်နေတာမျိုး၊ ရွဲ့စောင်းပြီးအနိုင်ယူလိုက်တာမျိုး၊ ကိုယ်အနိုင်ရမှ စိတ်ချမ်းသာတာမျိုး၊ ဆရာလုပ်ပြီးတစ်ဖက်သားအပေါ်နှိမ်တတ်တာမျိုးတွေ လုပ်တတ်ကြပါတယ်။

တကယ်တမ်းစဉ်းစားရမှာက “ငါတစ်ယောက်တည်းမှာပဲ စိတ်ခံစားချက်ရှိနေတာမဟုတ်ဘူး။ သက်ရှိမှန်သမျှ ကလေးကအစ ဘယ်အသက်ရွယ်ပဲဖြစ်ဖြစ် ပျော်ရွှင်မှုကိုလိုချင်ကြတာပဲ၊ လိုအပ်တယ်” ဆိုတာပါ။ ဒီလိုတွေးပေးခြင်းအားဖြင့် စာနာစိတ်ကိုဖြစ်ပေါ်စေပြီး လူလူချင်းဆက်ဆံတဲ့အခါ ရင်းနှီးမှုပိုရစေသလို ကူညီပံ့ပိုးလိုစိတ်တွေလည်း အလိုအလျောက်ဝင်လာတတ်ပါတယ်။

ကျွန်မအတွေ့အကြုံကတော့ သူများကို control လုပ် (ချုပ်ကိုင်) တတ်တဲ့အပြုအမူကို စွန့်လွှတ်ခဲ့တဲ့အတွက် စိတ်ရဲ့အေးချမ်းမှုကိုခံစားခဲ့ရပါတယ်။

၈။ စိတ်ရှည်ပါ။

အခုခေတ်လူငယ်အများစုမှာ ဖြစ်တတ်ကြပါတယ်။ အနေအထားတစ်ခု၊ ရလဒ်တစ်ခုကို မြန်မြန်ရလိုရောက်လိုတဲ့အခါ မစောင့်နိုင်တဲ့စိတ်ကြောင့် “ငါတစ်ခုခုမှားနေပြီလား”ဆိုပြီး သံသယဝင်လာကာ စိုးရိမ်ကြောင့်ကြစိတ်တွေပေါ်လာတတ်သလို ချက်ချင်းဖြစ်မလာတဲ့အတွက် စိတ်ဓာတ်ကျလာတတ်ကြပါတယ်။ အလုပ်တစ်ခုကိုစလုပ်ပြီးဆုံးရှုံးသွားခဲ့ရင်လည်း ဆက်လုပ်ဖို့စိတ်မရှည်ဘဲ နောက်တစ်ခုကိုပြောင်းလုပ်တာက လူငယ်တွေအတွက် စိတ်ရှုပ်စရာတွေဖြစ်လာစေပါတယ်။ အလုပ်သွားလျှောက်လို့အငြင်းခံရရင်လည်း “ငါ့မို့လို့ အလုပ်မခန့်တာ” “ငါတစ်ယောက်တည်းဒီလိုဖြစ်နေတာ” ဆိုတဲ့ ပုဂ္ဂိုလ်ရေးရာဆွဲတွေးတတ်ခြင်းက စိတ်ဓာတ်ကျတာကိုပိုဆိုးစေပါတယ်။

ဒါကြောင့် ကိုယ့်အတွက်လိုအပ်တဲ့အရည်အချင်းနဲ့ကျွမ်းကျင်မှုတွေကို လေ့လာသင်ယူဖြည့်ဆည်းရင်း ရည်မှန်းချက်ပန်းတိုင်ရောက်အောင် စိတ်ရှည်ရှည်ထားပြီး တစိုက်မတ်မတ်လျှောက်ပါ။ ဒါမှတက်ကြွတဲ့စိတ်ဖြစ်ပေါ်လာပြီး လောကကိုယုံကြည်မှုရှိရှိ၊ ပျော်ပျော်ရွှင်ရွှင်ရင်ဆိုင်နိုင်မှာပါ။

အကျဉ်းချုပ်

ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုသတိထားကြည့်ပြီး လေ့ကျင့်မှုများများလုပ်ခြင်းအားဖြင့် လူတွေအပေါ်တုံ့ပြန်မှုတွေဟာ သင့်တော်တဲ့တုံ့ပြန်မှုတွေဖြစ်နေတဲ့အတွက် ကောင်းမွန်သောအကျိုးသက်ရောက်မှုသာလျှင်ဖြစ်စေပါလိမ့်မယ်။ စိတ်ရဲ့ခံစားချက်တွေကလည်း positive ဖြစ်တဲ့ စိတ်ချမ်းမြေ့မှု၊ ပျော်ရွှင်မှုတွေဖြစ်နေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ခွန်အားတွေဖြစ်စေပြီး ဖြစ်နိုင်ချေရှိတဲ့အရာတွေအပေါ် စိတ်နှလုံးသွင်းပြီးနေသွားနိုင်ပါတယ်။

  • ကိုယ်ရဲ့စိတ်ခံစားချက်တွေကို အမြဲသတိကပ်ပြီးကြည့်ပါ။
  • လေ့ကျင့်မှုများများလုပ်ပါ။
  • စိတ်ခံစားချက်တွေဟာ နာကြည်းစရာမဟုတ်တော့ဘဲ ပန်းလေးတွေကိုကိုင်တွယ်ပြီးအလှကြည့်နေရသလိုဖြစ်လာပါလိမ့်မယ်။

Thida Aung

Oct 16, 2020 (Friday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေလိုက်ပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form