ခံစားချက် - Emotion

Jul 10, 2022
Inner Well-Being

အတွေးတွေဖြစ်ပေါ်ပြီးတိုင်း ခံစားချက်ဆိုတာ ကပ်ပါလာတတ်ပါတယ်။ အတွေးဟာ တွေးလိုက်ရုံသက်သက်နဲ့တော့ တုံ့ပြန်မှု (reaction) ကို တိုက်ရိုက်မပြုမူဖြစ်ကြပါဘူး။ အတွေးနဲ့တုံ့ပြန်မှုကြားမှာရှိတာက ကျွန်မတို့ရဲ့ခံစားချက် (emotion) တွေပါ။ Emotion တိုင်းမှာ ခန္ဓာကိုယ်ရဲ့အားစိုက်မှု၊ အားထုတ်မှုတွေရှိပါတယ်။ ဒါကြောင့် action လို့ခေါ်တဲ့ လက်တွေ့လုပ်ဆောင်ချက်ဆိုတာဖြစ်လာရတာပါ။

Negative emotion ရှိရင် negative action ဖြစ်လာပြီး positive emotion ရှိရင် positive action ကိုဖြစ်လာစေပါတယ်။ အားထုတ်မှုပါဝင်တဲ့အတွက် negative emotion က စိတ်နဲ့ခန္ဓာကိုယ်မှာရှိတဲ့ခွန်အားတွေကို ကျဆုံးစေပြီး positive emotion ကတော့ စိတ်နဲ့ခန္ဓာကိုယ်မှာရှိတဲ့ခွန်အားတွေကို မြင့်တက်လာစေပါတယ်။

မိမိတို့ရဲ့ emotion တွေကြောင့် ပြုမူတုံ့ပြန်မှုတွေဖြစ်သလို တုံ့ပြန်မှုတွေကြောင့် ကောင်းကျိုးဆိုးကျိုးဆိုတာတွေကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ တစ်ဖန်ပြန်ပြီးဆင်ခြင်ကြည့်မယ်ဆိုရင် ကောင်းကျိုးဆိုးကျိုးတွေရဲ့အနောက်မှာလည်း အတွေးမျိုးစုံပြန်ဖြစ်လာတတ်ပါတယ်။ အတွေးကို သတိ၊ အသိနဲ့နေဖို့လိုအပ်သလို emotion ပေါ်လာရင်လည်း မိမိမှာ emotion ဖြစ်နေတယ်ဆိုတာကို အသိအမှတ်ပြုပေးတတ်ဖို့လိုပါတယ်။ အတွေးတွေးတယ်ဆိုတာ လျှပ်တပြက်ပါ။ Emotion ကတော့ သတိမထားရင် လနဲ့နှစ်နဲ့ချီပြီးကြာတတ်ပါတယ်။

ခံစားချက်ပြင်းထန်လွန်းပြီးစကားပြောတဲ့အခါ၊ ပြုမူတဲ့အခါမျိုးမှာ ရည်ရွယ်ထားခြင်းမရှိ၊ ဆင်ခြင်ထားခြင်းမရှိဘဲ ပြောဆိုဆက်ဆံမှုတွေကြောင့် အမှားတွေပါတတ်တာ ကြုံတွေ့ကြရမှာပါ။ အပျက်သဘောပါတဲ့ emotion တွေက မိမိကိုလည်းထိခိုက်စေသလို တစ်ပါးသူကိုလည်းထိခိုက်စေပါတယ်။ ဒါကြောင့် ယနေ့ကမ္ဘာ့အဝှမ်းမှာဖြစ်ပျက်နေတဲ့ဆိုးကျိုးဖြစ်ပွားမှုတွေက အပျက်သဘောဆောင်တဲ့လူသားတွေရဲ့ negative emotion တွေကနေဖြစ်ပေါ်လာတယ်လို့ယူဆလို့ရပါတယ်။

လူသားတိုင်းမှာ ခံစားချက် (emotion) ရှိပါတယ်။

Emotion ရှိတာ ကောင်းပါတယ်။ လူပီသရင် emotion ရှိရပါတယ်။ အချို့ကတော့ emotion ကိုသိုဝှက်ထားတတ်ကြပါတယ်။

Emotion မှာ ကူးစက်တတ်တဲ့သဘောရှိပါတယ်။ Emotion ကြောင့်လည်း လူတွေမှာ သနားကြင်နာမှု၊ ကိုယ်ချင်းစာနာမှု၊ ညှာတာမှု၊ ချစ်ခြင်းမေတ္တာဆိုတာတွေ ပေါက်ဖွားလာကြတာပါ။

ဖိုနဲ့မရဲ့မတူညီမှုသဘာဝအရ အမျိုးသားတွေက စိတ်ခံစားမှုနည်းပြီး လက်တွေ့ဆောင်ရွက်မှုမှာပိုအားသန်သလို အမျိုးသမီးတွေကတော့ စိတ်ခံစားမှုများပြီး လက်တွေ့ဆောင်ရွက်မှုမှာအားနည်းတတ်ကြပါတယ်။ ဒါကြောင့် တချို့အိမ်ထောင်ရေးတွေမှာ တစ်ယောက်ထံကတစ်ယောက်သင်ယူကြရင်း လိုတိုးပိုလျှော့လုပ်လာကြတဲ့အတွက် အမျိုးသားတွေက ခံစားတတ်လာသလို အမျိုးသမီးတွေလည်း လက်တွေ့ကျကျလုပ်ကိုင်တတ်လာကြတာကို တွေ့ရပါတယ်။ Emotion ကို ဟန်ချက်ညီညီအသုံးချတတ်ရင်တော့ လောကမှာ ကောင်းကျိုးတွေအများကြီးရှိလာနိုင်မှာသေချာပါတယ်။

Emotion ဖြစ်နေတဲ့အခါ negative ပဲဖြစ်ဖြစ်၊ positive ပဲဖြစ်ဖြစ် ပထမဆုံးအနေနဲ့ မိမိမှာ emotion ဖြစ်နေတယ်၊ ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုဖို့လိုပါတယ်။ အထူးသဖြင့် ကျွန်မတို့လူသားတွေဟာ နေ့စဉ်နဲ့အမျှ မိမိရဲ့ခံစားချက် (emotion) အပေါ်လိုက်ပြီး တုံ့ပြန်မှုတွေပြုလုပ်နေကြတယ်ဆိုတာကို သတိထားဖို့လိုအပ်ပါတယ်။

မှတ်ချက်။ ကျွန်မရဲ့လေ့ကျင့်မှုလေးကို ပြောပြပါရစေ။ ကျွန်မအနေနဲ့ စိတ်ကနေလို့မကောင်းဘူး၊ မပျော်ရွှင်နေဘူး၊ တစ်ဦးတစ်ယောက်အပေါ်စိတ်ငြိုငြင်မှုဖြစ်လာပြီဆိုရင် "ငါ့မှာ negative emotion ဝင်နေတယ်" ဆိုပြီး ကျွန်မကိုယ်ကျွန်မသတိထားလိုက်ပါတယ်။ သတိထားလိုက်တဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ခံစားချက်က အတွေ့အကြုံ (experience) တစ်ခုလိုဖြစ်သွားပြီး (emotion ကနေ) reaction တုံ့ပြန်မှုကိုပြုလုပ်ဖို့အနေအထားဆီကို မရောက်သွားတော့တာကိုတွေ့ရပါတယ်။ ခံစားချက် (emotion) ဆိုတာ လူသားတွေရဲ့အရေးကြီးဆုံးအခန်းကဏ္ဍမှာပါဝင်နေတဲ့အတွက် လေ့ကျင့်မှုကအရမ်းအရေးကြီးပါတယ်။

Thida Aung

Jul 10, 2021 (Sunday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေပေးပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form