အတ္တရဲ့ဇာစ်မြစ်

Jun 30, 2022
Inner Well-Being

အတ္တဆိုတာ မွေးရာပါမဟုတ်တာတော့ သေချာပါတယ်။ ဒါဆိုရင် အတ္တဆိုတဲ့စကားလုံးက စိတ်ကိုလား၊ စိတ်ခံစားချက်ကိုလား၊ အပြုအမူကိုရည်ရွယ်ပြီးပြောတာလား။ ဘာကိုဆိုလိုတာလဲကိုစဉ်းစားကြည့်ရမယ်နော်။ အထူးသဖြင့် မိမိစိတ်ဓာတ်ကျနေတဲ့အချိန်မျိုးတွေမှာ မိမိကိုယ်မိမိခွန်အားပြန်ယူကြရတဲ့အခါ (သို့) မိမိအတွက်လုံခြုံစိတ်ချမှုရှိစေဖို့ မိမိအတွက်သာဦးစားပေးတဲ့အတွေး၊ အပြုအမူမျိုးတွေ ပြုလုပ်တတ်ကြတယ်။ သိမ်ငယ်စိတ်ဝင်လာတဲ့အခါမျိုးမှာလည်း မိမိကိုယ်မိမိ survive ဖြစ်ဖို့၊ အကာအကွယ်ယူဖို့အတွက် အခြေအနေတွေအပေါ်ချုပ်ကိုင်၊ လွှမ်းမိုးနိုင်ဖို့ အတ္တဆန်တဲ့အပြုအမူတွေကို ပြုလုပ်တတ်ကြပါတယ်။ အားလုံးကိုခြုံကြည့်မယ်ဆိုရင် အတ္တရှိခြင်းမရှိခြင်းက ဘဝအခြေအနေနဲ့မသက်ဆိုင်ပါ။ ဘဝကိုစိတ်ချခြင်းမရှိသူတွေ၊ ဘဝအပေါ်တိုက်ပွဲတစ်ခုလို ရင်ဆိုင်နေထိုင်နေရသူတွေ၊ လူလူချင်းကြောက်ရွံ့တတ်သောသူတွေမှာသာ အတ္တဆန်တဲ့အပြုအမူတွေရှိတတ်ကြပါတယ်။

နှိုင်းယှဉ်မှုကနေ သိမ်ငယ်ခြင်းနဲ့မောက်မာခြင်းကိုဖြစ်စေတယ်။

သိမ်ငယ်ခြင်းမှလည်း အတ္တကိုဖန်တီးပြုမူစေသလို မောက်မာခြင်းမှလည်း အတ္တဆိုတာဖြစ်ပေါ်တတ်ပါတယ်။ နှိုင်းယဉ်မှုကတော့ မွေးရာပါမဟုတ်ဘဲ မိမိငယ်စဉ်ဘဝကတည်းက မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်း၊ လူမှုပတ်ဝန်းကျင်ရဲ့ပယောဂတွေ၊ ခေတ်အဆက်ဆက်ကလက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ သတင်းစကားတွေ၊ လေးစားကိုးကွယ်ရတဲ့ပုဂ္ဂိုလ်ကြီးတွေရဲ့ထွက်ဆိုတဲ့စကားတွေအပေါ် ယုံကြည်ခြင်း၊ သဘောတူညီမှုတွေကြောင့်ဖြစ်ပေါ်လာခြင်းပါ။

အတ္တမာနစိတ်ဓာတ်နဲ့အပြုအမူအားလုံးသည် ကြောက်ရွံစိတ်၊ သံသယစိတ်၊ ရှားပါးချို့တဲ့သောစိတ်၊ ခုခံကာကွယ်သောစိတ်တွေကလာပါတယ်။ အတ္တဆိုတဲ့စကားလုံးနဲ့ စကားလုံးရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေကြောင့် အပြစ်သဘောနဲ့အပျက်သဘောဆောင်နေတာတော့ ထင်ရှားပါတယ်။ ဒီ့အတွက် အပျက်သဘောပါတဲ့အရာမှန်သမျှအပေါ် မကောင်းသောတရားဟုသတ်မှတ်ပြီး လူတွေကကြောက်ရွံ့ကြပါတယ်၊ ရှောင်ရှားကြပါတယ်။ အတ္တမာနကြီးသူလို့ဆိုလိုက်ရင် လူတွေကသိပ်ပြီးကြောက်လန့်ကြသလို ကဲ့ရဲ့ဝေဖန်မှုတွေ၊ အပြစ်တင်ရှုံ့ချမှုတွေရှိကြပါတယ်။ ဒါကြောင့်လည်း မိမိမှာအတ္တရှိနေခဲ့ရင်တောင် ဝန်ခံအသိအမှတ်မပြုရဲကြပါဘူး။

လူတိုင်းမှာ အတ္တမာနဆိုတာရှိကြပါတယ်။

ပြင်းထန်တာ၊ ပျော့ပြောင်းတာ၊ နည်းတာ၊ များတာပဲ ကွာခြားမှုရှိကြတာပါ။ ဆင်ခြင်ကြည့်မယ်ဆိုရင် အခြေအနေအကြောင်းကြောင်းကြောင့် မိမိဖန်တီးလိုက်ရတဲ့အတ္တက မိမိဆီရောက်လာတဲ့အခါ “ငါက အတ္တမာနကြီးတဲ့သူ” လို့ မစွပ်စွဲပါနဲ့။ “မိမိနဲ့ မိမိရဲ့အတ္တမာန” လို့ ခွဲခြားပြီးသိမြင်နိုင်မယ်ဆိုရင်တော့ အတ္တဆိုတဲ့အပြစ်သဘောစကားလုံးအပေါ် အပြုသဘောနဲ့ နားလည်သဘောပေါက်လို့ရပါပြီ။

ဆိုလိုချင်တာကတော့ အတ္တမာနကိုလည်း အသိအမှတ်ပြု၊ လက်ခံပေါင်းသင်းနေထိုင်ပါ။ ဘာဖြစ်လို့ မိမိရဲ့မာနကို လက်ကိုင်တုတ်အဖြစ်ဆွဲကိုင်ထားရတာလဲ။ လိုအပ်လို့လား... စသဖြင့်မေးခွန်းမေးနိုင်သလို အတ္တရှိနေရင်တောင် အတ္တဆိုတဲ့စကားလုံးအပေါ် ရေးကြီးခွင့်ကျယ်သိပ်မလုပ်ဘဲ မိမိရဲ့အတ္တကို ရင်ဆိုင်ပါ။ မေးခွန်းမေးပါ။ တကယ်တော့ အတ္တက ကြောက်စရာမဟုတ်ပါ။ ကရုဏာသက်စရာပါ။ အတ္တမာနကြီးတဲ့သူက ဘဝကိုအကြောက်တရားနဲ့နေထိုင်သူလို့ ယူဆလို့ရပါတယ်။ လူတွေဟာ အတ္တနဲ့လည်း အမြဲတမ်းမနေနိုင်သလို အတ္တကလည်း လူတွေအနားမှာ အချိန်ပြည့်ရှိမနေပါဘူး။ အတ္တကိုကြောက်ရွံ့တတ်ရင် အတ္တကမိမိစိတ်ကိုပြန်ပြီးခြောက်လှန့်တတ်ပါတယ်။ ကြောက်စိတ်တွေကြောင့် မလုပ်သင့်တဲ့အပြုအမူတွေကိုပြုလုပ်ပြီး အမှားတွေကိုဆက်တိုက်ပြုလုပ်နေတဲ့သူတွေလည်း လောကမှာအများကြီး ရှိပါတယ်။

လူတစ်ဦးချင်းစီရဲ့အတ္တရှိခြင်း (အပြုအမူ) သည် ကလေးဘဝကစပြီး နေထိုင်တဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့လွှမ်းမိုးမှုတွေအပေါ် အများကြီးမူတည်ပါတယ်။ တကယ်တော့ အတ္တရဲ့ဇာစ်မြစ်က လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းပါလို့ ယူဆရမှာလား။

Thida Aung

Jun 30, 2022 (Thursday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေလိုက်ပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form