လူတိုင်းလူတိုင်းမှာ ညည်းညူမှုတွေရှိကြပါတယ်။ တချို့က ကိုယ့်ဘာသာကိုယ်အလိုမကျလို့ ညည်းညူတယ်။ တချို့က အလုပ်အကိုင်၊ စီးပွားရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ မိသားစု၊ ပညာရေးနဲ့ပတ်သက်ပြီး ညည်းညူကြတယ်။ ဘဝနဲ့ပတ်သက်ပြီးတော့လည်း ညည်းညူကြပါတယ်။
လွန်ခဲ့တဲ့လေးနှစ်လောက်က ကျွန်မငွေတွေတော်တော်များများ ဆုံးရှုံးခဲ့တယ်။ အဲ့ဒီနေ့ကစပြီး ကျွန်မကိုယ့်ကိုယ်ကိုယ် complaint တက်ခဲ့တယ်။ “ငါဟာ ငွေကြေးဘက်မှာ စီမံခန့်ခွဲတာညံ့တယ်” ဆိုပြီး ညည်းညူပြောဆိုခဲ့တယ်။ အနားရောက်လာတဲ့လူတွေကိုရော၊ ခဏတဖြုတ်ဆုံတဲ့လူတွေကိုပါ ကျွန်မငွေဆုံးရှုံးခဲ့ရတာရယ်၊ အသုံးမကျတာရယ် ထပ်ခါတလဲလဲပြောနေခဲ့ပါတယ်။ ဒီသံသရာထဲကမထွက်နိုင်တာ သုံးလလောက်ဖြစ်သွားတယ်။ ကျွန်မဘာမှမလုပ်နိုင်ခဲ့ဘူး။
တစ်ခုသတိထားမိတာကတော့ ညည်းညူလိုက်တိုင်း ကျွန်မနေမကောင်းဖြစ်ချင်သလို ခွန်အားတွေကျလာတယ်။ ရောဂါဝင်လာသလိုခံစားရတယ်။ တခြားသူတွေအပေါ်မှာလည်း စိတ်ဝင်စားမှုနည်းလာတယ်။ လူတွေနဲ့ချစ်ခင်မှုတွေလည်း ပျောက်လာတယ်။ လူတွေနဲ့ဆက်ဆံချင်တဲ့စိတ်တွေလည်း မရှိတော့ဘူး။ ဘဝကိုအရှုံးပေးချင်တဲ့စိတ်တွေ ဝင်လာတယ်။ ဘာကိုမှလုပ်ကိုင်ချင်စိတ်မရှိဖြစ်လာတဲ့အတွက် အလုပ်အကိုင်ပေါ်မှာ စွမ်းဆောင်ရည်တွေ လျော့နည်းလာတယ်။ ပျော်ရွှင်မှုလည်းမရှိတော့ဘူး။
အမြဲတမ်းညည်းညူနေတဲ့အတွက် ကျွန်မပေးဆပ်လိုက်ရတဲ့ “ဆုံးရှုံးမှု” (Loss) တွေကတော့ vitality, love/affinity, relatedness, productivity နဲ့ happiness တွေပဲဖြစ်ပါတယ်။
ဘာဖြစ်လို့ သုံးလလုံးလုံး ဒီလိုညည်းညူနေရတာလဲ။
သေချာဆန်းစစ်ကြည့်လိုက်တော့ အဲ့ဒီလိုညည်းနေရတာကိုပဲကြိုက်သလိုဖြစ်နေတာ တွေ့လိုက်ရပါတယ်။ ကြိုက်ရခြင်းအကြောင်းရင်းက မိသားစု၊ မောင်နှမ၊ မိတ်ဆွေတွေရဲ့သနားကရုဏာသက်ခြင်းကိုခံရလို့ပါ။ ကျွန်မကမှန်တယ်၊ လူတွေကသာမှားတာဆိုပြီး လူတွေအပေါ်အပြစ်တင်နေမိတယ်။ ကျွန်မက လူတွေရဲ့နှိပ်စက်တဲ့ဒဏ်ကိုခံရတဲ့ victim (ခံရသူ) ဆိုတော့ ဘယ်အရာကိုမှတာဝန်မယူဘဲနေခဲ့တဲ့အတွက် တာဝန်တွေလစ်ဟင်းခဲ့တယ်။
ကျွန်မရဲ့ “ရရှိမှု” (Gain) ကတော့ ကျွန်မရဲ့ righteousness ၊ အပြုအမူတွေက blaming others, avoiding responsibility နဲ့ dominating others တို့ပဲဖြစ်ပါတယ်။
ရရှိမှုနဲ့ဆုံးရှုံးမှုကိုကွဲကွဲပြားပြားသိလာတဲ့နောက်မှာတော့ ကျွန်မညည်းညူတာကို ရပ်ပစ်လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဆုံးမလိုက်တယ်။ သူများစီးပွားရေးမှာ ငွေအရင်းအနှီးထည့်မယ်ဆိုရင် ကိုယ့်ဘက်ကလေ့လာစုံစမ်းတာကို အပျင်းမကြီးဖို့ပါပဲ။ ငွေနဲ့ပတ်သက်ပြီး ထိန်းသိမ်းစီမံတဲ့အပိုင်းကိုလည်း တာဝန်ယူလိုက်ပါတယ်။
ကျွန်မညည်းတွားခြင်းကို စွန့်လွှတ်လိုက်ရတာကတော့ နေ့စဉ်ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းချမ်းသာသာနေချင်လို့ပါပဲ။
Thida Aung
Jan 17, 2020 (Friday)