နှိုင်းယှဉ်ခြင်း

Sep 8, 2022
Inner Well-Being

လောကကြီးတစ်ခုလုံးက နှိုင်းယှဉ်ခြင်း၊ ပြိုင်ဆိုင်ခြင်းတွေကိုအခြေခံပြီး အရာအားလုံးအပေါ်မှာ လက်ရှိအနေအထားထက်ပိုကောင်းမွန်အောင် လုပ်ဆောင်နေတာတွေ့ရပါတယ်။ လူတွေအားလုံးပါဝင်ပတ်သက်နေတဲ့လောကကြီးမှာ လူတွေအနေနဲ့ နှိုင်းယှဉ်ခြင်း၊ ပြိုင်ဆိုင်ခြင်းရှိတတ်တာက သဘာဝပါ။ နှိုင်းယှဉ်သင့်တယ်မသင့်ဘူး၊ ကောင်းတယ်ဆိုးတယ်၊ မှန်တယ်မှားတယ်လို့မဟုတ်ပါဘူး။

Comparison is universal, not personal!

လောကသဘာဝအရ လူသားအားလုံးနဲ့ဆိုင်တဲ့အာရုံစူးစိုက်ရမယ့်နှိုင်းယှဉ်မှုက အရည်အချင်း၊ အရာဝတ္ထု၊ ထုတ်ကုန်ပစ္စည်း၊ ကစားပွဲတွေအတွက်သာဖြစ်ပါတယ်။

လူအချင်းချင်းပုဂ္ဂိုလ်ရေးရာနှိုင်းယှဉ်မှုကတော့ မွေးရာပါမဟုတ်ပါ။ ဒီလိုနှိုင်းယှဉ်မှုမျိုးက မိဘ၊ ဆွေမျိုး၊ လူ့အသိုင်းအဝိုင်း၊ ခေတ်အဆက်ဆက်ကယူဆောင်လာတဲ့အပြုအမူတစ်ခုဖြစ်သလို အပြစ်သဘော၊ အပျက်သဘောဆောင်တာဖြစ်လို့ မိမိအတွက်၊ ဘဝအတွက်ကျေနပ်ခြင်းတွေ ပျောက်ဆုံးတတ်ပါတယ်။ ဥပမာ - မိမိက သူများနဲ့လိုက်ပြီးနှိုင်းယှဉ်နေချိန် သူများထက်သာတယ်လို့ မိမိကိုယ်မိမိထင်မြင်ခဲ့ရင် တစ်ဖက်လူအပေါ်မှာ မောက်မာတဲ့စိတ်ဝင်လာတတ်သလို အထင်အမြင်သေးတဲ့စိတ်လည်းဖြစ်လာနိုင်ခြေရှိပါတယ်။ အကယ်၍ မိမိကသူများလောက် မသိဘူး၊ မတတ်ဘူး၊ မတော်ဘူးလို့ထင်မြင်ခဲ့ရင်လည်း မိမိမှာသိမ်ငယ်စိတ်ဖြစ်ပေါ်လာပြီး တစ်ဖက်လူကမိမိကိုနှိမ်နေတယ်ဆိုပြီး victim (ခံရသူသားကောင်) စိတ်မျိုး ဝင်လာတတ်ပါတယ်။ ဒါကြောင့်လည်း လူဘောင်အဖွဲ့အစည်းမှာ ချမ်းသာတယ်၊ ဆင်းရဲတယ်၊ ပညာတတ်တယ်မတတ်ဘူးစသဖြင့် သတ်မှတ်ချက် (label) တွေကြားထဲမှာ မသိစိတ်တွေနဲ့ပြိုင်ဆိုင်နှိုင်းယှဉ်နေတတ်တာကြောင့် မိမိဘဝကိုမိမိ မကျေမနပ်ဖြစ်နေကြရသလို၊ လူအချင်းချင်းလည်း လွတ်လွတ်လပ်လပ်နဲ့ ချစ်ခင်နွေးထွေးတဲ့ဆက်ဆံမှုတွေ ပျောက်ဆုံးနေတာတွေ့ရပါတယ်။

လူအတော်များများက မိမိနဲ့ မိမိရဲ့အရည်အချင်း (ထုတ်ကုန်) ကိုတစ်တွဲတည်းထားပြီး တစ်ဖက်လူနဲ့နှိုင်းယှဉ်တတ်ကြပါတယ်။ တကယ်တော့ ဒီနှစ်ခုက ခွဲခြားထားဖို့လိုအပ်ပါတယ်။ မိမိကမိမိ၊ မိမိရဲ့ထုတ်လုပ်မှုအရည်အချင်းကသပ်သပ်ဆိုပြီး ခွဲခြားလိုက်ရင် အရည်အချင်းကိုပိုကောင်းမွန်အောင် ဘယ်လိုထုတ်လုပ်ရမလဲဆိုပြီး အာရုံစူးစိုက်မှုရှိလာနိုင်ပါတယ်။ ထုတ်လုပ်မှုအပေါ် မိမိရဲ့ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ ထိရောက်စွာလုပ်ဆောင်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ လူဖြစ်ရတဲ့ မိမိရဲ့တန်ဖိုးကိုပိုသိလာမယ်။ ဒီ့အတွက်လည်း ဘဝမှာ မိမိလိုချင်တဲ့နေရာကို အေးချမ်းစွာလုပ်ဆောင်ရင်း ရောက်ရှိမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ သတိချပ်ဖို့ပြောချင်တာကတော့ တစ်ဖက်လူက နှိုင်းယှဉ်တာမနှိုင်းယှဉ်တာ သူရဲ့ကဏ္ဍပါ။ မိမိရဲ့ကဏ္ဍက "ငါကရော... နှိုင်းယှဉ်ခြင်းတွေလုပ်နေသလား" ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးတတ်မယ်ဆိုရင် နှိုင်းယှဉ်ခြင်းနဲ့ပတ်သက်ပြီး စိတ်အေးချမ်းဖို့အလားအလာရှိလာနိုင်ပါတယ်။

Thida Aung

Sep 8, 2022 (Thursday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form