Relationship ကို ၁၀၀% ကိုယ့်ဘက်ကတာဝန်ယူခြင်း

Jul 19, 2020
Relationship

ဆက်နွှယ်ဆက်ဆံရေး Relationship မကောင်းရင် ဘဝမှာနေရတာ တန်ဖိုးမရှိသလိုခံစားကြရပါတယ်။ လူမှုဆက်ဆံရေးကောင်းတဲ့အလျောက် စီးပွားရေးတိုးတက်မှုရှိတယ်။ ပေါင်းသင်းဆက်ဆံရေးမှာလည်း စိတ်ချမ်းသာရပါတယ်။

ဘာကြောင့် relationship က အရေးကြီးသလဲ။

မိမိနဲ့မိမိ ပတ်သက်ဆက်နွှယ် (relate) လုပ်တဲ့နေရာမှာ၊ မိသားစုမောင်နှမ၊ အိမ်ထောင်ဘက်၊ သားသမီး၊ လုပ်ဖော်ကိုင်ဖက်၊ လုပ်ငန်းခွင်၊ နေရာတိုင်းမှာ မိမိပါဝင်နေတဲ့အတွက် ကိုယ်နဲ့ဘယ်လိုဆက်နွှယ်ဆက်ဆံနေသလဲဆိုတာက အလွန်အရေးကြီးပါတယ်။

"သူကောင်းမှ ကိုယ်ကောင်းမယ်" "ကိုယ်ဖက်ကတစ်ခုခုပေးလိုက်တိုင်း ဟိုဘက်ကလည်းပြန်လာရမယ်" ဆိုတဲ့မျှော်လင့်ချက်နဲ့ဆက်ဆံနေသရွေ့ relationship နဲ့ပတ်သက်လာရင် စိတ်ညစ်တာ၊ စိတ်ပျက်တာ၊ စိတ်ဓာတ်ကျတာ၊ လူတွေနဲ့ဆက်ဆံတဲ့အခါ ပွင့်ပွင့်လင်းလင်းမပြောရဲတာ၊ လူတွေကြားထဲနေပြီး တစ်ယောက်တည်းအထီးကျန်နေတယ်လို့ခံစားနေရတာမျိုးတွေ ဖြစ်နေပါလိမ့်မယ်။

ဒီဘက်ခေတ်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်း မြင့်တက်လာရတဲ့အကြောင်းရင်းတွေထဲကတစ်ခုကတော့ အနားမှာရှိနေတဲ့မိသားစုဝင်တွေကို ပွင့်ပွင့်လင်းလင်းရင်မဖွင့်နိုင်တာ၊ ကိုယ့်ရင်ထဲမှာရှိနေတာကို မပြောပြနိုင်တာ၊ ကြောက်နေတာကနေ စကြတာပါ။ မိသားစုဝင်တွေ တစ်အိမ်တည်းနေပြီး မျက်နှာချင်းဆိုင်ပြီး ချစ်ချစ်ခင်ခင်မနေတတ်ဘဲ ကျောခိုင်းနေသလိုခံစားနေရတာတွေက အပြင်ထွက်အလုပ်လုပ်တဲ့အခါမှာလည်း ကိုယ့်အနောက်ထဲမှာပါလာပြီး စိတ်ချမ်းမြေ့ခြင်းမရှိဖြစ်တတ်ပါတယ်။ စိတ်ပျော်ရွှင်မှုမရှိနေတဲ့အတွက် အလုပ်လုပ်တဲ့အခါမှာ အဆင်မပြေတာတွေဖြစ်လာပါတယ်။ ဒါကြောင့် relationship နောက်ခံမကောင်းတဲ့အခါ တခြားအလုပ်တွေမှာပါအနှောင့်အယှက်ဖြစ်စေပါတယ်။

Relationship မှာ ကိုယ်က ၁၀၀% ဘယ်လိုတာဝန်ယူမလဲ။

(၁) ကိုယ်လိုချင်တဲ့ relationship ကဘာလဲဆိုတာ သိအောင်လုပ်ပါ။

(၂) Relationship မှာ အရေးကြီးဆုံးသော့ချက်က ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံခြင်း Communication ပါ။

စိတ်ထဲခံစားနေရတာတွေကို မမြိုသိပ်ထားပါနဲ့။ တစ်ဖက်လူသိအောင် ကောင်းကောင်းမွန်မွန်ပြောပြပါ။ (အပြစ်တင်တဲ့လေသံမပါပါစေနဲ့။ ဘယ်လိုကြီးလုပ်ပေးရမယ်ဆိုတဲ့ကတိမျိုးလည်း တစ်ဖက်လူဆီကနေ အတင်းအကြပ်မတောင်းဆိုပါနဲ့။) ကိုယ့်စိတ်ထဲရှိနေတာကို တစ်ဖက်လူသိအောင်ပြောပြပါ။

(၃) ရိုးသားပါ။

ကိုယ်မကြိုက်ရင် မကြိုက်ကြောင်းပြောပြပါ။ ရင်ထဲမသိမ်းထားပါနဲ့။ တစ်ဖက်လူအမှားလုပ်ခဲ့ရင် ခွင့်လွှတ်ပါ။ ကိုယ်မှားခဲ့တာရှိရင်လည်း တောင်းပန်ပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်ပါ။ ပြုပြင်စရာရှိရင် ပြုပြင်ပါ။

(၄) တောင်းဆိုပါ။

ရေရှည်လျှောက်ရမယ့်ခရီးမှာ အချစ်တွေခိုင်မြဲနေဖို့ အမှတ်တရတွေကို အတူတူဖန်တီးနေဖို့လိုပါတယ်။ ကားအတူတူမောင်းတာ၊ ရုပ်ရှင်အတူတူကြည့်တာ၊ ခရီးထွက်တာ စသဖြင့်ပေါ့။ ကိုယ့်ဖက်က တောင်းဆိုဖို့ပဲလိုပါတယ်။ သူ့ဆီကဂရုစိုက်တာလိုချင်ရင်လည်း ဂရုစိုက်တာခံချင်တယ်လို့တောင်းဆိုပါ။ ဒါမှလည်း တစ်ဖက်က ကိုယ်ဘာလိုချင်သလဲဆိုတာကိုသိရပြီး relationship တွေ ပိုခိုင်မြဲလာမှာပါ။

Relatedness ဆက်နွှယ်မှုမရှိတဲ့ relationship က တကယ့် relationship အစစ်မဟုတ်ပါ။

Relationship ကို ပေါ့ပေါ့လေးလို့မတွေးပါနဲ့။ စိတ်ညစ်နေတယ်။ စိတ်ဓာတ်ကျနေတယ်။ ပင်ပန်းနွမ်းနယ်နေတယ်။ ဘဝကြီးကိုစိတ်ကုန်နေတယ်ဆိုတာက ပတ်ဝန်းကျင်မှာရှိတဲ့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ဆက်နွှယ်ပြီး ပျော်ရွှင်မှုကိုမဖန်တီးနိုင်လို့ဖြစ်နေရတာပါ။

ချောင်တစ်ချောင်ထဲမှာ တစ်ယောက်တည်းကမ္ဘာတည်ပြီး ဒီဘဝမှာငါတစ်ယောက်တည်းရှိပါလား၊ ငါ့ကိုကူညီမယ့်သူမရှိပါလားဆိုပြီး အထီးကျန်ခံစားနေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ဘယ်လို relate (ဆက်နွှယ်) လုပ်နေသလဲ။ ငါ့ကိုယ်ငါ ဘာစကားတွေပြောနေသလဲ။ ဘယ်လိုဆက်ဆံနေသလဲဆိုတာ ဆန်းစစ်ပါ။ ဖြစ်နိုင်ရင် အပြုသဘောဆောင်တဲ့ positive စကားတွေများများသုံးပါ။ ကိုယ့်မောင်နှမ၊ မိသားစု၊ ဇနီး/ခင်ပွန်း၊ ချစ်သူ၊ သက်မဲ့အရာ (အိမ်၊ ကားစသဖြင့်) တွေအပေါ်မှာ ဘယ်လိုဆက်ဆံနေသလဲ မေးခွန်းထုတ်ပါ။ တစ်ယောက်နဲ့တစ်ယောက်ဆက်နွှယ်နေမယ်ဆိုရင် ကိုယ့်ရဲ့တန်ဖိုး value ကို သူများနဲ့ဝေမျှနိုင်သလို သူများရဲ့တန်ဖိုးကိုလည်း ကိုယ့်ဆီကူးစက်လာစေနိုင်ပါတယ်။

မိသားစုမှာဖြစ်စေ၊ အချစ်ရေး/အိမ်ထောင်ရေးမှာဖြစ်စေ၊ ဘယ်လိုဆက်ဆံရေးမှာမဆို ကိုယ်လိုချင်တဲ့အနေအထားရဖို့ ကိုယ်တာဝန်ယူရမယ့်အပိုင်းကို ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသားပြောဆိုပြီး ၁၀၀% လုပ်ဆောင်ဖို့ပဲလိုပါတယ်။

Thida Aung

Jul 19, 2020 (Sunday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ့်ရဲ့ဘဝဖော်/ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေလိုက်ပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form