တလောက တူမလေးအပေါ် ကျွန်မစိတ်မကြည်မလင်ဖြစ်နေခဲ့ပါတယ်။ သူနဲ့ကိုယ်နဲ့နေတဲ့နေရာကလည်း ဆယ်မိနစ်လောက်ပဲ ကားမောင်းရပါတယ်။ အိမ်နီးပေမယ့် သူ့မျက်နှာကို တစ်လနေလို့တစ်ခါတောင်မတွေ့ရဘူး။ သူ့အမေနဲ့အပြင်အတူတူသွားတယ်ကြားရင်လည်း မနာလိုဖြစ်သလိုလိုခံစားမိတယ်။ တစ်ခါတလေ သူ့အမေ (ကျွန်မညီမအရင်း) နဲ့စကားပြောရင်တောင် နင့်သမီးကလေ… ဆိုပြီး တူမလေးမကောင်းကြောင်းကို complaint တက်မိတယ်။ ပြောရမယ်ဆိုရင်တော့ တူမလေးနဲ့လတ်တလောဆက်ဆံရေးက ကျွန်မဖြစ်စေချင်တဲ့ပုံစံဖြစ်မနေလို့ပါ။
ကျွန်မရဲ့ little voice ကလည်း “အဒေါ်လုပ်တဲ့သူကတော့ သူ့ကိုချစ်လိုက်ရတာ၊ support လုပ်လိုက်ရတာ။ အခုတော့ သူက အဒေါ်ကိုအရေးတောင်မလုပ်တော့ဘူး။” ဘာညာနဲ့ အို… စုံနေတာပါပဲ။ စိတ်တွေလည်း တိုနေတာပေါ့လေ။
နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ်မေးခွန်းမေးရတော့တယ်။ “နင့်တူမဆီက နင်ဘာလိုချင်နေတာလဲ။ ဒီကိစ္စကိုတော့ နင်ပြီးအောင်ဖြေရှင်းမှရမယ်။ ဒါမှ နင်သူ့အပေါ်မှာအမြင်ကြည်လင်ပြီး ချစ်ချစ်ခင်ခင်နေလို့ရမယ်” လို့ ကိုယ့်ဘာသာကိုယ်ပဲပြောလိုက်တယ်။
ပြီးတော့ တူမလေးဆီကို ဖုန်းခေါ်လိုက်တယ်။ သူရဲ့ဂရုစိုက်မှုကိုခံချင်တယ်ဆိုတာကိုလည်း ပြောလိုက်တယ်။ ကျွန်မရဲ့ခံစားချက်တွေကိုလည်း ရင်ဖွင့်လိုက်တယ်။ ပြီးတော့ သမီးမကောင်းကြောင်းကို အန်တီပြောခဲ့တာများကြားရင် “သြော်… အန်တီက ငါ့ attention ကိုလိုချင်နေတာပါလားလို့ သိလိုက်နော်”ဆိုတော့ သူကရယ်ပြီး “ဟုတ်ပါပြီ အန်တီ။ သမီးအန်တီ့အကြောင်း သိပါတယ်။ သမီးမအားလို့ပါ။ အန်တီလွမ်းရင် အချိန်မရွေးဖုန်းခေါ်နော်” လို့ပြောပါတယ်။
တူမလေးနဲ့ဖုန်းပြောပြီးတဲ့နေ့ကစပြီး (သူ) မအားလို့အဆက်အသွယ်မရှိလည်း စိတ်အနှောင့်အယှက်မရှိတော့ပါဘူး။
Thida Aung
Jan 14, 2020 (Tue)