အိပ်ရာနိုးနိုးချင်း စိတ်ထဲမှာ ကိုယ့်ဘဝကိုမကျေနပ်တဲ့ခံစားချက်၊ ရင်ထဲမှာမတင်မကျဖြစ်နေသောခံစားချက်၊ မိမိကိုယ်မိမိအပြစ်တင်နေတဲ့ခံစားချက်တွေ ရှိပါသလား။ ကျွန်မတော့ ဒီနေ့မနက်အိပ်ရာနိုးတာနဲ့ ရင်ထဲမှာမကျေနပ်မှုတစ်ခုခုဖြစ်နေသလို ခံစားရတယ်။ အဲ့ဒီလိုခံစားရတာနဲ့အတူတူ ခန္ဓာကိုယ်ကလည်းမွန်းကြပ်သလိုခံစားရတယ်။ အထူးသဖြင့် ဗိုက်သားတွေတင်းလာသလိုခံစားရတယ်။ ခါတိုင်းဆိုရင် သတိမထားဘဲ တစ်ခုခုနဲ့အစားထိုးပြီး မေ့မေ့ပျောက်ပျောက်ပဲနေလိုက်တယ်။ ဒီနေ့တော့ သတိထားပြီးမေးခွန်းမေးမိတယ်။ အဲ့ဒါဘာကြောင့်ဖြစ်နေတာလဲ။
ကိုယ့်အပြုအမူကလည်း သားအပေါ် လိုတာထက်ပိုပြီးဆက်ဆံ၊ မလိုအပ်တဲ့စကားတွေပြောနေတာကိုတွေ့ရတယ်။ ကိုယ်ဟာ တန်ဖိုးရှိတဲ့မိခင်တစ်ယောက်ပါဆိုတာကို အရမ်းတွေရှင်းပြနေတဲ့ပုံပေါက်နေပါတယ်။ လောလောဆယ် သားကအလုပ်လုပ်နေပြီး ကိုယ်ကဘာဝင်ငွေမှမရှိတော့ အပြစ်တစ်ခုလိုခံစားနေရတာလည်းပါပါလိမ့်မယ်။ မသိစိတ်နဲ့လိုက်ပြီးနှိုင်းယှဉ်နေတာတွေက ကိုယ့်ရဲ့သားသမီးအပေါ်မှာတင်မဟုတ်ဘဲ လူတိုင်းအပေါ်မှာလည်းပြုမူနေတာတွေ့ရပါတယ်။ ပင်ပန်းမှုတွေဖြစ်လာသလို တစ်နေ့တာအတွက်တင်မက တစ်ဘဝလုံးအတွက်ပါ စိတ်တွေလေးလာသလိုခံစားရတယ်။
တစ်ဆက်တည်း ကိုယ့်ကိုယ်ကိုယ်ဆက်တိုက်မေးခွန်းတွေထုတ်လိုက်တဲ့အခါ အဖြေတစ်ခုရလိုက်ပါတယ်။ I am useless ဆိုတဲ့ inner voice လေးတစ်ခုပါ။ အဲ့ဒါဘယ်ကလာတာလဲဆိုတော့ ကျွန်မငယ်စဉ်အရွယ်ကတည်းက ကိုယ့်ကိုယ်ကိုသတ်မှတ်ခဲ့တဲ့စကားတစ်ခုကြောင့်ပါ။ အဲ့ဒါကတော့ “ကျွန်မသည် အသုံးမကျတဲ့ လူသားတစ်ဦး” လို့ သတ်မှတ်ခဲ့လို့ပါပဲ။
I am useless လို့ ကျွန်မသုံးနှုန်းနေတာကိုသိလိုက်ရတဲ့တဒင်္ဂမှာပဲ ကျွန်မရဲ့မေးခွန်းက “Am I?” Not really!
အမှန်တကယ်ကတော့ ကျွန်မဟာတန်ဖိုးရှိတဲ့လူသားတစ်ဦးဖြစ်တယ်၊ တန်ဖိုးရှိတဲ့အလုပ်တွေကို အရင်ကလည်းလုပ်တယ်။ အခုလည်းလုပ်နေတယ်။ နောင်လည်းလုပ်နေမှာပဲလို့ ယုံကြည်စွာပြောဆိုသတ်မှတ်လိုက်တာနဲ့ ကျွန်မရဲ့ခံစားချက်နဲ့အပြုအမူတွေ ပြောင်းလဲသွားတာတွေ့ရပါတယ်။ ကျွန်မဘဝနဲ့အတူ နေထိုင်နေရတဲ့လောကကြီးအပေါ်မှာလည်းကျေနပ်ပြီး စိတ်ချမ်းသာမှုလေးဖြစ်ခဲ့ရသလို မနက်မိုးလင်းတိုင်း ကိုယ့်ရဲ့စိတ်ကိုသတိထားဖို့ဆုံးဖြတ်လိုက်ပါတယ်။
Thida Aung
Jan 8, 2020