Vision Board

Jan 30, 2023
Transformation

Vision Board ဆိုတာ အချိန်ကာလတစ်ခုအတွင်း ကိုယ်လိုချင်၊ ဖြစ်ချင်၊ လုပ်ချင်တဲ့အရာတွေကို တစ်နေရာတည်းစုထားတဲ့စက္ကူကတ်ထူပြားပါ။ နှစ်တစ်နှစ်အစ၊ ကိုယ့်ဘဝရဲ့ရည်မှန်းချက်အသစ်တွေချမှတ်တဲ့အခါ Vision Board တွေ ဆွဲလေ့ရှိပါတယ်။ နောင် ၃ နှစ်၊ ၅ နှစ်၊ ၁၀ နှစ် စသဖြင့် အချိန်ကာလအပိုင်းအခြားသတ်မှတ်ပြီး သွားချင်တဲ့ပန်းတိုင်ကို ချမှတ်ကြတာပါ။

Vision Board ဆွဲတဲ့အခါ အောက်ခံအပြားအတွက် PP ကတ်ထူပြားကိုသုံးလို့ရပါတယ်။ စက္ကူကတ်ထူအဖြူဆိုလည်းဖြစ်ပါတယ်။ ပုံတွေကပ်လို့ရတဲ့ ထူပြီးမာတဲ့အပြားဖြစ်ရင် ရပါတယ်။ ပုံတွေကတော့ မဂ္ဂဇင်းစာအုပ်ကပုံတွေကို ညှပ်ယူလည်းရတယ်။ ဓာတ်ပုံထုတ်လိုက်လည်းဖြစ်တယ်။ အဆင်ပြေသလို လုပ်လို့ရပါတယ်။ အဓိကက ကိုယ်လိုချင်တဲ့အရာတွေကို မြင်ရတဲ့ပုံဖြစ်ရပါမယ်။ အိမ်လိုချင်တယ် / ကားလိုချင်တယ်ဆိုရင် အိမ်ပုံ / ကားပုံဖြစ်ရင်ပြီးရောဆိုတာထက် ကိုယ်လိုချင်တဲ့အိမ်ပုံ / ကားပုံ ဖြစ်ဖို့လိုပါတယ်။ အတိအကျတူတာမျိုးမရနိုင်ရင်တောင် အနီးစပ်ဆုံးတူတဲ့ပုံဖြစ်ရင် အကောင်းဆုံးပါ။ (အင်တာနက်မှာ "Vision Board" လို့ ရိုက်ထည့်ပြီး နမူနာပုံတွေကို ရှာကြည့်နိုင်ပါတယ်။)

ဘာကြောင့် Vision Board ကို ဆွဲရတာလဲ။

ကျွန်မက အရင်ကဆိုရင် vision board ဆွဲဖို့ အတော်တွန့်တိုတဲ့အထဲမှာပါပါတယ်။ ဖြစ်လာမှာမှမဟုတ်တာ... အိပ်မက်မက်နေတော့လည်း ဘာထူးမှာလဲ... စသဖြင့်ပေါ့။ ပါးစပ်ကဘယ်လောက်ပဲ လိုချင်တယ်ပြောနေနေ... မဖြစ်နိုင်ဘူးဆိုတဲ့စွဲချက်နဲ့ စိတ်ထဲမှာ လုံးဝကိုပိတ်ထားတာ၊ ကိုယ့်ကိုယ်ကိုယ် စိတ်ကူးနဲ့ပုံဖော်ခွင့်လေးတောင် မပေးတာကို သွားတွေ့ပါတယ်။ ပြီးတော့ ဒီအိပ်မက်တွေဖြစ်လာဖို့ လိုအပ်တဲ့လုပ်ဆောင်ချက်တွေ ငါမလုပ်နိုင်ဘူးလို့ ပုံသေတွက်ထားတာလည်း ပါပါတယ်။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့... ဘာမှကိုမဖြစ်လာပါဘူး။ 😅

တကယ်တော့ Vision Board သည် ကိုယ်သွားချင်တဲ့ပန်းတိုင်ကို အမြင်အာရုံနဲ့စိုက်ထူထားခြင်းဖြစ်ပါတယ်။ ဒါကိုသဘောပေါက်စေတာက ဥပမာနှစ်ခုကြောင့်ပါ။

ဥပမာ (၁) ပေ ၁၀၀ ပတ်လည်အခန်းကျယ်တစ်ခုမှာ ကိုယ့်ကိုထည့်လိုက်ပြီး ကြိုက်သလောက်သွားစမ်းဆိုရင် ဘယ်သွားရမှန်းမသိသလို ဘာလို့သွားရတာလဲလည်း မသိဖြစ်နေပါလိမ့်မယ်။ သွားတော့သွားနေတယ်ပေါ့။

တကယ်လို့ ဟိုးအခန်းထောင့်အစွန်မှာ ထိုင်ခုံတစ်လုံးချထားလိုက်ပြီး အဲ့ခုံဆီရောက်အောင်သွားလို့ပြောရင်တော့ အလွယ်ဆုံးနဲ့အတိုဆုံးလမ်းကြောင်းကနေသွားဖို့ ကြိုးစားမှာပါ။ သွားတဲ့လမ်းတစ်လျှောက်မှာ အဟန့်အတားပေါ်လာခဲ့ရင်လည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ကျော်လွှားပြီး ထိုင်ခုံဆီကိုပဲ တန်းတန်းမတ်မတ်သွားမှာပါ။ ဆိုလိုတာက ပန်းတိုင်ချထားလိုက်ရင် ကိုယ့်ရဲ့လုပ်ဆောင်ချက်အားလုံးသည် ပန်းတိုင်ဆီရောက်ဖို့အတွက်လိုအပ်တဲ့လုပ်ဆောင်ချက် (action) တွေကိုပဲ လုပ်ဖြစ်တော့မှာပါ။ မဆိုင်တာတွေမလုပ်မိတော့သလို အချိန်လည်း အလဟဿမကုန်တော့ဘူးပေါ့။

ဥပမာ (၂) အခုနေများ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်တဲ့ Warren Buffett က ကိုယ့်ရှေ့ရောက်လာပြီး လိုချင်တာအကုန်ဝယ်ပေးမယ်လို့ပြောလာခဲ့ရင်... ပြောပြဖို့အတွက် လိုချင်တဲ့အရာတော့ ကိုယ့်မှာအဆင်သင့်ရှိနေဖို့လိုပါတယ်။ ဒီသဘောတရားကို အတည်နားလည်စေခဲ့တာက short video တစ်ခုကြောင့်ပါ။

ဗီဒီယိုထဲမှာက သူဌေးတစ်ယောက်က လူစည်ကားရာလမ်းမပေါ်မှာ "ကိုယ်ပိုင်အလုပ်လုပ်ဖို့ စိတ်ကူးရှိလား" ဆိုပြီး လိုက်မေးပါတယ်။ ရှိတယ်လို့ဖြေတဲ့သူတွေကို သူဆက်မေးတာက "ဘာလုပ်ငန်းလဲ။" "မင်းလုပ်ငန်းရဲ့ထူးခြားချက်က ဘာလဲ။" "လုပ်ငန်းနာမည်ဘယ်လိုခေါ်လဲ။" "ဘယ်အရာတွေကြောင့် အခုချက်ချင်း လုပ်ငန်းမစနိုင်တာလဲ။"

ဖြေတဲ့သူအတော်များများရဲ့တူညီတဲ့တစ်ချက်က "ငွေအရင်းအနှီးမရှိလို့ မစနိုင်သေးတာ" လို့ဖြေကြတာပါ။ "ငွေမရှိသေးလို့" ဆိုတဲ့စကားရဲ့အနောက်မှာ လုပ်ငန်းအတွက် အသေးစိတ်အစီအစဉ်ဆွဲထားတာမျိုးမရှိဘဲ အချိန်ကျလာဖို့စောင့်နေကြတာပါ။

ဒီလူတွေကို အင်တာဗျူးတဲ့သူပြောတဲ့စကားတစ်ခွန်းက မှတ်သားစရာပါ... "ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တယ်ဆိုပြီး ဘာလုပ်ချင်တယ်၊ ဘယ်လိုလုပ်မယ်ဆိုတာတွေ အဆင်သင့်မရှိထားရင် လမ်းမှာသန်းကြွယ်သူဌေးတစ်ယောက်နဲ့တွေ့လို့... နင့်လုပ်ငန်းကို ငါရင်းနှီးမြှုပ်နှံမယ်... လုပ်ငန်းအကြောင်းပြောပြစမ်းဆိုရင်တောင် ရခဲလှတဲ့အခွင့်အရေးကို လက်လွှတ်လိုက်ရမှာပေါ့" တဲ့။

ကျွန်မကတော့ ၂၀၂၃ နှစ်စမှာ Vision Board ကို သေချာဆွဲထားပါတယ်။ ၅ နှစ် plan ပါ။ တကယ်လိုချင်တဲ့အိမ်ပုံ၊ ကားပုံ၊ ရုံးခန်းပုံ၊ လုပ်ချင်တဲ့ business ပုံ၊ body goal ကအစ သေချာအချိန်ပေးပြီးရှာတယ်။ ပုံတွေရှာတဲ့အခါ ကိုယ့်ရဲ့လက်ရှိအနေအထားကို ခေါင်းထဲလုံးဝမထည့်ပါဘူး။ တကယ်လိုချင်လားလို့ ကိုယ့်ကိုယ်ကိုယ်မေးတယ်... လိုချင်တယ်ဆိုရင် vision board ထဲထည့်ဆွဲပါတယ်။ ဖြစ်ချင်တဲ့အရာတွေကို ပုံဖော်နေတာ... ဖြစ်နိုင်တဲ့အရာတွေကိုရှာဖွေနေတာမှ မဟုတ်ပဲလေနော်။

ရှာထားတဲ့ပုံတွေအားလုံးကို ဖြတ်ညှပ်ကပ်ပြီးစက္ကူပြားပေါ်တင်တာထက် ကျွန်မကတော့ photoshop နဲ့စီပြီး ဖုန်း lock screen မှာ တင်ထားပါတယ်။ အမြဲတမ်းကြည့်ဖြစ်အောင်ပါ။ စက္ကူပြားနဲ့လုပ်ထားရင်လည်း ကိုယ့်အခန်း / အလုပ်စားပွဲရှေ့မှာ ကပ်ထားလည်းရပါတယ်။

ကိုယ့်ရဲ့ရေတို / ရေရှည်ရည်မှန်းချက်ပန်းတိုင်ကို စိတ်ကူးနဲ့ပုံဖော်ထားပြီးပြီဆိုတော့ လုပ်စရာရှိတာလုပ်ပြီး ထိုင်ခုံဆီအရောက်သွားဖို့ပဲ ကျန်ပါတော့တယ်။

စာဖတ်သူအားလုံးလည်း လိုချင်တာအကုန် အကောင်အထည်ဖော်နိုင်ကြပါစေ။

Yamong Thaw

Jan 30, 2023 (Monday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကိုမျှဝေလိုက်နော်။ ❄️
Yamong Thaw

Co-Founder & Lead Educator of TDA Life Education. She loves to create playgrounds for people to find their greatness while writing, baking, and exchanging languages are her hobbies.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form