Choices come with Responsibility.

Jan 25, 2021
Leadership

There are 2 flavors of ice cream: Chocolate vs. Vanilla

Which one do you choose? and Why?

ဒီမေးခွန်းလေးက ၂၀၁၅ တုန်းကတက်ခဲ့တဲ့ Personal Development Program ရဲ့နောက်ဆုံးရက်မှာ သင်တန်းသားတွေကိုမေးတဲ့မေးခွန်းပါ။

ချောကလက်ရေခဲမုန့်နဲ့ နို့ရေခဲမုန့်... ဘယ်တစ်ခုကိုရွေးမလဲ။ ဘာကြောင့်လဲ။

သင်တန်းသားတွေက အဖြေပြောတဲ့အခါမှာ ဒီ format နဲ့ပြောရပါတယ်။

I choose (chocolate / vanilla) because...

ငါ (ချောကလက်/နို့အရသာ) ကိုရွေးတယ်။ ဘာကြောင့်လဲဆိုတော့...

သင်တန်းသားတွေက တစ်ယောက်တစ်ပေါက်နဲ့ဖြေကြပါတယ်။

"ချောကလက်ကိုရွေးတယ်။ ခါးသက်သက်အရသာကိုကြိုက်လို့။"

တချို့က "နို့အရသာကိုရွေးမယ်။ ချောကလက်ကိုမကြိုက်လို့။"

"ဘာဖြစ်ဖြစ်ရတယ်။ ကိစ္စမရှိဘူး။" လို့ဖြေတဲ့သူလည်းရှိပါတယ်။

သင်တန်းသားတွေက ဘယ်လိုအဖြေတွေပဲပေးပေး ဆရာက အပေါ်ကမေးခွန်းကိုပဲ ထပ်မေးပါတယ်။ နောက်ဆုံးမှာတော့ သင်တန်းသားတစ်ယောက်ရဲ့အဖြေမှာ အဆုံးသတ်သွားပါတယ်။ သူဖြေလိုက်တာက -

"I choose vanilla because I choose vanilla."

အဲ့တုန်းက ကျွန်မနားလည်လိုက်တာက ချောကလက်ကိုပဲရွေးရွေး၊ နို့အရသာကိုပဲရွေးရွေး ကိုယ်ရွေးချယ်ရတဲ့အကြောင်းရင်းက because အနောက်က အကြောင်းပြချက်ကြောင့်မဟုတ်ဘဲ ရွေးချယ်မှုကိုလုပ်လိုက်တဲ့သူက "ကိုယ်" ဖြစ်နေတဲ့အတွက် လုပ်လိုက်တဲ့အပြုအမူတိုင်းက ကိုယ့်ကိုခွန်အားဖြစ်နေစေတယ်ဆိုတာပါပဲ။ ဒါပေမယ့် Chocolate vs. Vanilla ရဲ့တကယ့်ဆိုလိုရင်းက ဒီ့ထက်အများကြီးပိုတယ်ဆိုတာကို နောက်ပိုင်းနှစ်တွေကျမှ သဘောပေါက်လာခဲ့ပါတယ်။

လူတိုင်းက အချိန်တိုင်း၊ စက္ကန့်တိုင်းမှာ ရွေးချယ်မှုတွေ လုပ်နေရပါတယ်။

  • ဘာဟင်းနဲ့စားရမလဲ။
  • ဘယ်ကျောင်းလျှောက်ရမလဲ။
  • အနီယူရင်ကောင်းမလား။ ပန်းရောင်က ပိုလှနေမလား။
  • ခဏလောက်ထပ်အိပ်လိုက်မလား။ အခုချက်ချင်း အိပ်ရာထရမလား။

ဘယ်ဟာပဲရွေးရွေး ကိုယ်ကိုယ်တိုင်ရွေးချယ်ထားတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ရွေးချယ်မှုအနောက်က လိုက်လာတဲ့၊ လိုက်လာမယ့် ဘယ်လိုအကျိုးဆက်ကိုမဆို တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေရပါမယ်။

ဥပမာ ၁ - နှိုးစက်မြည်တယ်။ ခဏလောက်ထပ်အိပ်မယ်ဆိုပြီး alarm ကို ၅ မိနစ်ထပ်ပေးလိုက်တယ်။ နာရီဝက်ကျော်မှနိုးလာတယ်။ အလုပ်သွားဖို့ နောက်ကျသွားတယ်။ ဒါကို alarm က မမြည်ရကောင်းလား။ အိမ်ကအမေကို လာမနှိုးရကောင်းလား။ ကားလမ်းက ဒီနေ့ကျမှ လာပိတ်နေရသလားလို့ ကိုယ့်မှာညည်းညူခွင့် မရှိပါဘူး။ "ခဏလောက်ထပ်အိပ်လိုက်မယ်" ဆိုတဲ့ရွေးချယ်မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်ဖြစ်တဲ့ အလုပ်နောက်ကျခြင်းကို ကိုယ်ကပဲဖြေရှင်းရပါမယ်။ ဘယ်သူ့ကိုမှ complaint မတက်ရပါဘူး။

ဥပမာ ၂ - သူငယ်ချင်းနဲ့ shopping ထွက်တယ်။ အနီရောင်ရှပ်လက်တိုနဲ့ ပန်းရောင်ဂါဝန်... နှစ်ခုလုံးကိုကြိုက်တယ်။ ဘယ်ဟာရွေးရမလဲမသိဘူး။ သူငယ်ချင်းက "အနီလေးက ပိတ်စသားပိုကောင်းတယ်။ အနီလေးယူ" လို့ပြောလို့ အနီလေးဝယ်လိုက်တယ်။ အဝတ်လျှော်တော့မှ အင်္ကျီကရေကျပြီး အရောင်တွေစွန်းကုန်တယ်။ လူအများစုက ဒီအခြေအနေမျိုးမှာ သူငယ်ချင်းကိုအပြစ်တင်ကြပါတယ်။ နင်ပြောလို့ ငါဝယ်လိုက်တာ။ အခုတော့ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်ပေါ့။ တကယ်တော့ ဒီနေရာမှာ အနီရောင်အင်္ကျီကိုဝယ်မယ်လို့ နောက်ဆုံးဆုံးဖြတ်ချက်ကိုချတာ သူငယ်ချင်းမဟုတ်ပါဘူး။ ကိုယ်က ဝယ်မယ်လို့ ရွေးချယ်လိုက်တာပါ။ ဒီ့အတွက် နောက်ဆက်တွဲဖြစ်လာတာတွေကိုလည်း ကိုယ်တိုင်ပဲရင်ဆိုင်ဖြေရှင်းရပါမယ်။

ရုတ်တရက်ကြည့်ရင် ဥပမာ ၁ နဲ့ ၂ ကို မတူဘူးလို့ ထင်စရာရှိပေမယ့် တကယ်တော့ သဘောတရားတစ်ခုတည်းပါပဲ။ နောက်ထပ်မေးခွန်းတစ်ခုဖြေကြည့်ရအောင်။

Chocolate vs. Chocolate

Which one do you choose? Why?

မသေချာမှုတွေပြည့်နေတဲ့ဘဝမှာ သေချာတာတစ်ခုကတော့ ရွေးချယ်စရာနှစ်ခု ဘယ်တော့မှရှိနေမှာမဟုတ်ဘူးဆိုတာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ "ငါ့ဘဝက ဆိုးလိုက်တာ။ ရွေးစရာ ဒုတိယလမ်းလည်းမရှိဘူး" လို့ ညည်းညူနေမယ့်အစား ရှိတဲ့လမ်းကိုပဲ "ရွေးချယ်ပြီး" ယူလိုက်မယ်ဆိုရင် လုပ်စရာတွေအများကြီးရှိနေတာကို တွေ့လာပါလိမ့်မယ်။

ညည်းညူနေခြင်းက ကိုယ့်ကိုအခြေအနေရဲ့သားကောင် (victim) အဖြစ်ကို ရောက်သွားစေပြီး "ရွေးချယ်ပြီးယူလိုက်တာ" က ယာဉ်မောင်းထိုင်ခုံမှာထိုင်ပြီး ကိုယ်တိုင်မောင်းတဲ့သူအဖြစ်ကို ပို့ပေးပါတယ်။ Victim လုပ်ရတာ ပေါ့ပါးပါတယ်။ သူများကိုထိုင်အပြစ်တင်နေရုံပါပဲ။ ဘဝကတော့ နေပျော်မှာမဟုတ်ဘူးပေါ့။ Driver seat မှာထိုင်တဲ့သူကတော့ စွန့်စားရပါတယ်။ အသက်အန္တရာယ်လည်း ရှိနိုင်တာကိုး။ ဒါပေမယ့် ကိုယ်တိုင်ကားမောင်းဖူးသူတိုင်း ကိုယ်သွားချင်တဲ့အချိန်မှာ စိတ်တိုင်းကျ ထမောင်းသွားနိုင်တဲ့ လွတ်လပ်တဲ့ခံစားချက်ကို သိကြပါတယ်။

Victim ပဲလုပ်လုပ်၊ Driver ပဲလုပ်လုပ် မှားတယ်မှန်တယ်ဆိုတာ မရှိပါဘူး။ ကိုယ်ရွေးချယ်တဲ့ရလဒ်ကို ကိုယ်ပဲခံစားရမှာမို့လို့ စိတ်တိုင်းကျရွေးချယ်နိုင်ပါတယ်။

ကိုယ့်ရွေးချယ်မှုကို တာဝန်ယူနိုင်တဲ့သူဟာ ဘာမှကိုရွေးစရာမရှိ၊ လမ်းဆုံးရောက်နေခဲ့ရင်တောင်မှ You will never run out of an option ပါ။ သူများရဲ့အကြံဉာဏ်၊ ဆုံးဖြတ်ချက်ကြောင့် လုပ်လိုက်ရတဲ့အလုပ်တစ်ခုအပေါ်မှာရှိတဲ့ ကိုယ့်ရဲ့တာဝန်ကို မြင်အောင်ကြည့်တတ်သွားမယ်ဆိုရင် သင်ဟာ လူ့အဖွဲ့အစည်းရဲ့ထိပ်ပိုင်းမှာရှိတဲ့ ၅%သောသူတွေထဲကတစ်ယောက်ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။

Choices come with responsibility ကိုသာ လူအများစု နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးကြမယ်ဆိုရင် ကျွန်မတို့လူ့အဖွဲ့အစည်းက အခုထက်ပိုပြီးနေချင်စရာကောင်းလာမယ်လို့ ယုံကြည်ပါတယ်။

Updated on Jan 24, 2023.

ဒီဆောင်းပါးကို ကနဦးစရေးတဲ့ ၂၀၂၁ ခုနှစ်ကနေ ဒီနေ့အထိ နှစ်နှစ်တာကာလအတွင်းမှာ "ရွေးချယ်ခြင်း" နဲ့ပတ်သက်ပြီး ကျွန်မနားလည်ခဲ့တာတွေကို ထပ်ဖြည့်ထားပါတယ်။

ရွေးချယ်မှုတိုင်းရဲ့အနောက်မှာပါလာတဲ့ "တာဝန်ယူမှု" ဆိုတာ မိမိဘဝကို မိမိကိုယ်တိုင်ပဲ့ကိုင်ဖို့အတွက် လုပ်ဆောင်ချက် action တစ်ခုသာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းမှာ သုံးနှုန်းပြောဆိုနေကြတဲ့ (တာဝန်ယူမှု၊ တာဝန်ခံမှုထဲက) တာဝန်ယူမှုနဲ့ ကွဲပြားပါတယ်။ Responsibility လို့သုံးနှုန်းထားတဲ့အတွက် ဖြစ်နေတဲ့အခြေအနေ / ကိစ္စရပ်တွေအပေါ်မှာ အကြောင်းပြချက်မရှိ၊ ခံစားချက်တွေကိုဖယ်ထုတ်ပြီး ရှေ့ဆက်ရမယ်လို့ မဆိုလိုပါဘူး။ (အရိုးသားဆုံးဝန်ခံရရင် အပေါ်ကဆောင်းပါးရေးတုန်းက ကျွန်မရဲ့ choice comes with responsibility မှာ "ကိုယ်လုပ်ကိုယ်ခံ" ဆိုတဲ့သဘောမျိုး အနည်းငယ်ပါနေပါသေးတယ်။ ထစ်ကနဲရှိ ညည်းတတ်လွန်းတဲ့ကျွန်မအတွက် ကိုယ့်ဘာသာကိုယ်ဆုံးမတဲ့သဘောပါ။ သေချာတာကတော့ ကျွန်မရဲ့ "ကိုယ်လုပ်ကိုယ်ခံ" မှာ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ခြင်း (self-blaming) တော့ မပါနေပါဘူး။

ဒီနေ့ဒီအချိန်မှာတော့ ကျွန်မလက်ခံကျင့်သုံးနေတဲ့ "ရွေးချယ်" ပြီးနေထိုင်ခြင်းဆိုတာ... သူများမောင်းနေတဲ့ ကိုယ့် (ဘဝ) ကားကို ဘေးကထိုင်စီးပြီး လွတ်လပ်မှုပျောက်ဆုံးနေမယ့်အစား ကိုယ်တိုင်ယာဉ်မောင်းထိုင်ခုံမှာဝင်ထိုင်၊ စတီယာတိုင်ကို ကိုယ့်လက်နဲ့ကိုင်ပြီး မောင်းနှင်ခြင်းသာဖြစ်ပါတယ်။ စိတ်ပျက်စရာအခြေအနေဆိုရင် စိတ်ပျက်လိုက်မယ်... ဒေါသထွက်စရာရှိရင် ဒေါသထွက်လိုက်မယ်... ဝမ်းနည်းစရာရှိရင် အော်ငိုပစ်လိုက်မယ်။ ဒါပေမယ့် ကြုံတွေ့လာတဲ့အခြေအနေ (breakdown) အားလုံးကို အရင်ဆုံး "ရွေးချယ်" ပြီးမှ လုပ်စရာရှိတာ / လုပ်ချင်တာတွေကို ဆက်လုပ်ပါတယ်။

အခြေအနေတွေကို ကျွန်မက "ရွေးချယ်" ထားတာဖြစ်တဲ့အတွက် breakdown တွေက ကျွန်မရဲ့လွတ်လပ်မှု၊ စိတ်အေးချမ်းမှု၊ စိတ်ကျေနပ်မှုနဲ့ self-expression တွေကို ကန့်သတ်ချုပ်ချယ်နိုင်စွမ်း မရှိတော့ပါဘူး။ ကျွန်မဘဝမှာဖြစ်နေတဲ့ အတက်အကျအားလုံးသည် ကျွန်မရဲ့ "ရွေးချယ်မှု"... တစ်နည်းအားဖြင့် ကျွန်မရဲ့ခွင့်ပြုချက်ဖြင့်သာ အသက်ဝင်လှုပ်ရှားနေရမှာဖြစ်ပါတယ်။ (အကယ်၍  မရွေးချယ်ဘဲ ဒီအတိုင်းထားလိုက်ရင် breakdown တွေက မိမိဘဝကို ခြယ်လှယ်နေမှာဖြစ်သလို victim mindset လည်း ဝင်လာမှန်းမသိ ဝင်နေပါလိမ့်မယ်။)

ဘဝကို ရွေးချယ်ပြီး နေထိုင်နိုင်ကြပါစေ။

Yamong Thaw

Jan 25, 2021 (Monday)

Updated on Jan 24, 2023 (Tuesday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေလိုက်ပါ။ ❄️
Yamong Thaw

Co-Founder & Lead Educator of TDA Life Education. She loves to create playgrounds for people to find their greatness while writing, baking, and exchanging languages are her hobbies.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form